Main menu

မလေးရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့ စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူလက်မှတ်ရေးထိုး

Powered by Drupal

     တရုတ်နိုင်ငံနှင့်မလေးရှားနိုင်ငံတို့၏ သံတမန်ဆက်ဆံရေးနှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်ဝန်ကြီးချုပ် Li Qiang မလေးရှားနိုင်ငံသို့ အလည်အပတ်ခရီးရောက်ရှိနေစဉ်အတွင်း တရုတ်နှင့်မလေးရှားနိုင်ငံတို့သည် ၅ နှစ်သက်တမ်းရှိသည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။ Li Qiang သည် မလေးရှားဝန်ကြီးချုပ် Anwar Ibrahim နှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒစ်ဂျစ်တယ်စီးပွား‌ရေးမှ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု၊ အိမ်ရာစီမံကိန်း၊ ခရီးသွားကဏ္ဍ၊ ဆက်သွယ်ရေးနှင့် အခြားကဏ္ဍများပါဝင်သော ဒါဇင်ကျော်သည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် သဘောတူလက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရပါသည်။ အဆိုပါ (၅)နှစ်စာချုပ်သစ်သည် ကုန်သွယ်‌ရေးနှင့်ရင်းနှီးမြှုပ်နှံမှု၊ လယ်ယာစိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ခြင်း၊ အခြေခံအဆောက်အအုံနှင့် ငွေကြေးဝန်ဆောင်မှုတို့တွင် ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတို့ကို အထောက်အပံ့ပြုမည်ဟု သိရပါသည်။ တရုတ်နိုင်ငံသည် မ‌လေးရှား နိုင်ငံမှ လတ်ဆတ်သော ဒူးရင်းသီးများတင်ပို့ခွင့်ကို ခွင့်ပြုခဲ့ကြောင်း သိရပါသည်။ ကမ္ဘာ့အကြီးမားဆုံး သစ်သီးထုတ်လုပ်သည့်နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံသည် ယခင်ကတရုတ်နိုင်ငံကို အေးခဲသစ်သီးများနှင့် ၎င်းတို့၏ထုတ်ကုန်များကိုသာ တင်ပို့ခွင့်ရခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၅၃ သန်းပမာဏ တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။ တရုတ်နိုင်ငံသည် ၂၀၀၉ ခုနှစ်မှစတင်၍ မလေးရှားနိုင်ငံ၏အကြီးမားဆုံး ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် နှစ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၉၈.၉ ဘီလီယံရှိကြောင်း သိရပါသည်။ Li Qiang သည် မလေးရှားနိုင်ငံဘုရင် Sultan Ibrahim နှင့် တွေ့ဆုံရန် မျှော်လင့်လျက်ရှိပြီး  BRI ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် အရှေ့ဘက်ကမ်းရိုးတန်း ရထားလမ်းစီမံကိန်းဆောက်လုပ်ရေး၏ ပန္နပ်ရိုက်ပွဲကိုတက်ရောက်မည်ဟု သိရှိရပါသည်။ မလေးရှား၏အရှေ့ဘက်နှင့်အနောက်ဘက်ကမ်းရိုးတန်းများကို ဆက်သွယ်ပေးမည့် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး ၆၆၅ ကီလိုမီတာအရှည်ရှိမည့် ရထားလမ်းသည် ၂၀၂၆ ခုနှစ်တွင် ပြီးစီးမည်ဟု သိရှိရပါသည်။

DOCA(ရန်ကုန်)