ထိုင်းနိုင်ငံတွင် ပြည်သူပိုင်သိုလှောင်ရုံလုပ်ငန်းအဖွဲ့ (Public Warehouse Organisation - PWO) သည် နှစ်ဟောင်းဆန် တန်ချိန် ၁၅၀၀၀ ကို လေလံတင်ရောင်းချရာတွင် လေလံဈေးနှုန်းနှင့် ပတ်သက်၍ အငြင်းပွားမှုများကြောင့် တရားဝင်မဖြစ်သေးပဲ လေလံအောင်မြင်ထားသည့် ကုမ္ပဏီအား ပြန်လည်ရုတ်သိမ်းပြီး အခြားကုမ္ပဏီများနှင့် ညှိနှိုင်းဖွယ်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ သတင်းရင်းမြစ်တစ်ခုအရ သိရှိရသည်။
ယင်လပ်ရှင်နာဝပ်ထရာ အစိုးရလက်ထက်၌ အရှုပ်တော်ပုံဖြစ်ပွားခဲ့သည့် ဆန်အပေါင်ခံ ထားသည့် အစီအစဉ်မှ (၁၀) နှစ်သက်တမ်းရှိသော ဆန်များကို ၁၇-၆-၂၀၂၄ နေ့တွင် လေလံတင် ရောင်းချခဲ့ရာ V8 Intertrading ကုမ္ပဏီသည် ဆန်ဟောင်း (၁) ကီလိုဂရမ်လျှင် ၁၉.၀၇ ဘတ်နှုန်း သို့မဟုတ် စုစုပေါင်း ဘတ်ငွေ ၂၈၆ သန်းဖြင့် လေလံဈေးအမြင့်ဆုံး ကမ်းလှမ်းခဲ့သည်။ သို့သော် PWO အနေဖြင့် တရားဝင်လေလံအောင်သည့်ကုမ္ပဏီကို ကြေညာခြင်းပြုသေးပဲ V8 Intertrading ကုမ္ပဏီမှ ကမ်းလှမ်းထားသော ဈေးနှုန်းထက် လေလံဈေး ပိုမိုရရှိရန်အတွက် အဆိုပါ ကုမ္ပဏီနှင့် ညှိနှိုင်း နေဆဲဖြစ်ကြောင်း သတင်းရင်းမြစ်အရ သိရှိရသည်။
V8 Intertrading ကုမ္ပဏီမှ ဆန်ဟောင်း (၁) ကီလိုဂရမ်လျှင် ၁၉.၀၇ ဘတ်နှုန်းထက် ပို၍ မပေးနိုင်ကြောင်း အခိုင်အမာပြောဆိုပါက လေလံကြီးကြပ်ရေးကော်မတီအနေဖြင့် လေလံပါဝင် ယှဉ်ပြိုင်သည့် အခြားကုမ္ပဏီများနှင့် ညှိနှိုင်းရန် ပြင်ဆင်ထားကြောင်း၊ အဆိုပါအချက်သည် (၁) ကီလိုဂရမ်လျှင် ၁၈.၆၉ ဘတ်ဖြင့် အဆိုပြုခဲ့သည့် Sahathan ကုမ္ပဏီ သို့မဟုတ် (၁) ကီလိုဂရမ်လျှင် ၁၈.၀၁ ဘတ်ဖြင့် အဆိုပြုသော Thanasan Rice ကုမ္ပဏီနှင့် ဆွေးနွေးညှိနှိုင်းရန် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ကြောင်း သိရှိရသည်။
ပွင့်လင်းမြင်သာမှုရှိသော လေလံတင်ရောင်းချမည့်အစီအစဉ် ဖြစ်စေရန်အတွက် PWO သည် ယခင်စီစဉ်ထားသည့်အတိုင်း ၂၁-၆-၂၀၂၄ နေ့တွင် လေလံအောင်သည့်ကုမ္ပဏီအား ကြေညာ နိုင်ခြင်းမရှိကြောင်းနှင့် Kamphaeng Phet ပြည်နယ်အခြေစိုက် V8 Intertrading ကုမ္ပဏီ၏ ဘဏ္ဍာငွေကြေး အခြေအနေမှာလည်း စိုးရိမ်ဖွယ်အချက်များ ရှိနေကြောင်းဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Phumtham Wechayachai က ရည်ညွှန်းပြောကြားခဲ့သည်။
V8 Intertrading ကုမ္ပဏီအနေဖြင့် မှတ်ပုံတင်ထားသည့် ရင်းနှီးမတည်ငွေ ဘတ် ၂ သန်း မျှသာရှိပြီး လေလံဆွဲဝယ်ယူမည့် ဆန်ဟောင်းများအတွက် ဘတ် ၂၈၆ သန်း ပေးချေနိုင်မှုနှင့် ပတ် သက်၍ မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။ တာဝန်ရှိသူများအနေဖြင့် အဆိုပါကုမ္ပဏီသည် အရည်အချင်းပြည့်မီခြင်းရှိ/မရှိနှင့် မည်သည့်သံသယဖြစ်စရာ တစ်စုံတစ်ရာကိုမဆို ရှင်းလင်းရန်အတွက် အထောက်အထားများကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း၊ သံသယဖြစ်စရာများ ရှင်းလင်းပြီးပါက လေလံဈေးနှုန်း ပိုမိုရရှိရန်အတွက် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း Mr Phumtham က ပြောကြားခဲ့သည်။
ထို့အပြင် အခြားလေလံဆွဲသည့် ကုမ္ပဏီများနှင့် ညှိနှိုင်းရန် PWO ကို ညွှန်ကြားထားပြီး ဖြစ်ကြောင်း၊ လေလံအောင်သည့်ကုမ္ပဏီကို ကြေညာပြီးပါက ရက်ပေါင်း ၃၀ အတွင်း စာချုပ်ချုပ် ဆိုမည်ဖြစ်ကြောင်း၊ PWO အနေဖြင့် လေလံလုပ်ငန်းညွှန်းတမ်းနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ သို့သော် အေဂျင်စီနှင့် လက်ရှိလေလံဆွဲသူများမှ လေလံဈေးနှုန်း ပြဿနာကို ဖြေရှင်းနိုင်ခြင်းမရှိပါက လေလံပွဲအသစ်ကျင်းပရန် ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်း ဝန်ကြီး Mr Phumtham က ဆက်လက်ပြောကြားခဲ့သည်။
အစောပိုင်းကာလတွင် အစိုးရအနေဖြင့် ဆန်ဟောင်းလေလံပွဲမှ ဘတ်ငွေ ၂၇၀ သန်းခန့် ရရှိရန် မျှော်လင့်ထားကြောင်း၊ လေလံလုပ်ငန်းညွှန်းတမ်းများအရ လေလံအောင်မြင်သူသည် ဝယ်ယူမှုပြီးမြောက်ရန်အတွက် PWO နှင့် ၁၅ ရက်အတွင်း စာချုပ်ချုပ်ဆိုရမည်ဖြစ်ကြောင်း၊ ၎င်းလေလံအောင်မြင်သူက စာချုပ်မချုပ်ဆိုနိုင်ပါက လေလံဈေး ဒုတိယအမြင့်ဆုံးဖြင့် ယှဉ်ပြိုင်သူအား စာချုပ်ချုပ်ဆိုခွင့်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
Source: Bangkok Post, 22 June, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)