Main menu

“ တံတားဦးကကွမ်းနုဝါ စိုက်ပျိုးမှုနှင့် ဈေးကွက်အခြေအနေ ကွင်းဆင်းလေ့လာ”

Powered by Drupal

       မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊တံတားဦးမြို့နယ်တွင် ကွမ်းစိုက်ပျိုးမှုလုပ်ငန်း အားရှေးယခင်ကပင် စိုက်ပျိုးလျက်ရှိပြီး တံတားဦးကကွမ်းနုဝါ၊ငါးမျှာကဆေး၊ကွမ်းသီးတောင်ငူနှင့် ကိုင်းထုံးဖြူ၊ပြည်ရှား၊အသာဝါးလို့ထွေးဟု ဆိုရိုးစကားပင်ရှိခဲ့ပါသည်။တံတားဦးဒေသထွက် ကွမ်းမှာ စျေးကွက်အတွင်းတွင် လူသိများထင်ရှားပါသည် ။ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တံတားဦးမြို့နယ်၊ ချောင်းခွကျေးရွာရှိ ကွမ်းစိုက်ပျိုးသူခြံပိုင်ရှင်နှင့်တွေ့ဆုံပြီး စိုက်ပျိုးထွက်ရှိမှု ၊ စျေးကွက်အခြေအနေအား မေးမြန်းခဲ့ပါသည်။ ကွမ်းစတင်စိုက်ပျိုးမည်ဆိုပါက မြေကို ထယ်ထိုး ၊ ထွန်မွှေပြီး ဆိတ်ချေး လှည်း(၅)စီးခန့်နှင့်  မြစ်ကိုက်ပိုးများမလာစေရန် ကျောက်မှုန့်(ဂျစ်ပဆန်) ထည့်၍ သမအောင်မွှေပြီး မြေခံကောင်းအောင် သေချာစွာပြုပြင်ပေးရပါသည်။

          ကွမ်းအပင်(၁၀၀၀)စိုက်လျှင် ကွမ်းခြံအတွက် လိုအပ်သောပစ္စည်းများဖြစ်သည့် တိုင်ဝါး (၂၅၀) လုံး၊ ငြမ်းဝါး(၂၅၀၀)လုံး၊ အုန်းလက်(၅၀၀)၊ပိုက်စိမ်းလိပ် (၃၀၀)ပေ (၃)လိပ်၊ အမိုးအကာပြုလုပ်ရန် ကြေးနန်းခွေ(၆)ပိဿာ၊ ကွမ်းမျိုးအပင်(၁၀၀၀) အသုံးပြုရပါသည် ။ ကွမ်းအပင်(၁၀၀၀)စိုက် ကွမ်းခြံတစ်ခြံတွင် အကန့်(၄)ကန့်(၆)ဇယားပါရှိပြီး ၊ အကန့်တစ်ကန့်လျှင် ကွမ်းအပင်(၂၅၀)ဝင်ပါသည်။အကန့်(၄)ကန့်(၆)ဇယားဖြစ်သည့်အတွက် ကွမ်းပင်(၁၀၀၀)စိုက်ပျိုးပြီးဖြစ်ပါသည်။ ကုန်ကျ စရိတ်အနေဖြင့် ကွမ်းမျိုးတစ်ပင်လျှင်(၅၀၀/-)ကျပ်ဖြင့် ကွမ်းပင်(၁၀၀၀)လျှင် (၅၀၀၀၀၀/)ကျပ် ကုန်ကျမည်ဖြစ်ပြီး၊ တိုင်ဝါး၊ ငြမ်းဝါး၊ အုန်းလက်၊ ပိုက်စိမ်းလိပ်၊ ကြေးနန်းခွေနှင့် လုပ်သားခအပါအဝင် စုစုပေါင်း(၁၅၀၀၀၀၀-၂၀၀၀၀၀၀)ကျပ်ဝန်းကျင်ခန့် ကုန်ကျကြောင်း ၊ ကွမ်းစိုက်ပျိုးမှုအနေဖြင့်(၁)နှစ်ပတ်လုံး စိုက်ပျိုး၍ရသော်လည်း ယခုအခါ ကွမ်းစိုက်ပျိုးသူ ကွမ်းခြံပိုင်ရှင်များမှ ဇွန်၊ဇူလိုင်လများတွင် အစိုက်များသည်ကိုတွေ့ရှိရပြီး မိုးတွင်းကာလဖြစ်သည့်အတွက် အပင်အမြစ် စွဲလွယ်ပြီး ကြီးထွားနှုန်းမြန်၍ အောင်မြင်ဖြစ်ထွန်းသောကြောင့် ဖြစ်ပါသည်။ကွမ်းမျိုးအနေဖြင့် အထွက်တိုးမျိုး(ဥဓမ)နှင့် ကွမ်းနုဝါမျိုးဟူ၍စိုက်ပျိုးကြပြီး  ခြံပိုင်ရှင်များ အဓိကစိုက်ပျိုးသောမျိုးမှာ ကွမ်းနုဝါမျိုးဖြစ်ပါသည်။ကွမ်းနုဝါမျိုးသည် စျေးကွက်ကောင်းမွန်ပြီး ကွမ်းစားသူများမှကြိုက်နှစ်သက်ပြီး ပွဲရုံများမှအရောင်းအဝယ်ကောင်းသောကြောင့် ကွမ်းနုဝါမျိုးကို အဓိကစိုက်ပျိုးရခြင်းဖြစ်ပါသည်။ ကွမ်းစတင်စိုက်ပျိုးချိန်မှစ၍ (၇)ရက်ခန့် ရွက်ဖြန်းရေ နံနက်/ညနေ တစ်ကြိမ်စီရေးလောင်းပေးရကြောင်း၊ရေများများလောင်းရန်မလိုဘဲ ရွက်ဖြန်းရေသာလောင်းပေးရမှာဖြစ်ကြောင်း၊တစ်ပတ်ကျော်လာသောအခါ ကွမ်းပင်များအမြစ်စွဲပြီး ရှင်သန်လာမည်ဖြစ်ပါသည်။ အမြစ်စွဲပြီးရက် ( ၂၀ - ၃၀ ) အတွင်း ပိုးသတ်ဆေးနှင့် မှိုသတ်ဆေးများကို အပင်အခြေအနေပေါ် မူတည်ပြီးဖြန်းပေးရပါသည် ။ ကွမ်းစိုက်ပျိုးပြီး (၃)လအကြာတွင် စတင်ခူးဆွတ်နိုင်ပြီး ကွမ်းစတင်ခူးသည့်အပတ်တွင် ကွမ်းပင် (၁၀၀၀)ခူးလျှင် အချိန်(၁၅-၂၀)ပိဿာအထိ ထွက်ရှိကြောင်း ၊ တစ်လလျှင်(၂)ကြိမ်(၁၅)ရက်ခြားပြီးခူးဆွတ်ရပါသည်။ ကွမ်းခူးပြီး အပင်အခြေအနေပေါ်မူတည်၍ လိုအပ်လျှင် အားဆေး၊မှိုသတ်ဆေး၊ ပိုးသတ်ဆေးများကိုဖြန်းပေးရပါသည်။ နွေရာသီဆိုလျှင် တစ်လလျှင်(၂)ကြိမ် ရေသွင်းပေးရပါသည် ။ မြေခံအခြေအနေကိုကြည့်၍ လိုအပ်လျှင်လိုအပ်သလို ရေသွင်းပေးရပါသည် ။ နွေရာသီနှင့်မိုးရာသီများတွင် ကွမ်းအထွက်နှုန်းကောင်းပြီး ဆောင်းရာသီတွင် အထွက်နှုန်းကျဆင်းလာကြောင်း၊ နွေရာသီနှင့်မိုးရာသီများတွင် ကွမ်း(၁၀၀၀)စိုက်လျှင် အချိန်(၇၀-၈၀)ပိဿာ ထွက်ရှိပြီး ဆောင်းရာသီ တွင်ပိဿာချိန်(၂၀-၂၅)ပိဿာထွက်ရှိပါသည်။ ကွမ်းစျေးနှုန်းအနေဖြင့် နွေရာသီနှင့်မိုးရာသီများတွင် တစ်ပိဿာလျှင်(၂၅၀၀-၃၀၀၀)ကျပ် စျေးနှုန်းများရှိပြီး ဆောင်းရာသီတွင် တစ်ပိဿာလျှင်(၁၁၀၀၀-၁၂၀၀၀)ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း ၊ ဆောင်းရာသီတွင် ကွမ်းအထွက်နှုန်းလျော့သော်လည်း စျေးကောင်းရရှိကြောင်း၊ နွေရာသီနှင့်မိုးရာသီများတွင် ကွမ်းစျေးနှုန်းနိမ့်သော်လည်း အထွက်နှုန်းကောင်းသောကြောင့် ဆတူအကျိုးအမြတ်ရရှိမှာဖြစ်ပြီး စျေးကွက်အနေဖြင့် တံတားဦးဒေသမှ ထွက်ရှိသော ကွမ်းများအား မန္တလေး၊မိတ္ထီလာမြို့များသို့ အဓိကတင်ပို့ရောင်း ချလျက်ရှိပါသည်။ တစ်နှစ်ပတ်လုံး ခြုံကြည့်လျှင် ကွမ်း(၁၀၀၀)စိုက်ပျိုးထားသော ကွမ်းခြံပိုင်ရှင်အနေဖြင့် တစ်လလျှင်( ၂၅၀၀၀၀ - ၃၀၀၀၀၀)ကျပ် ပျမ်းမျှဝင်ငွေရှိပြီး တစ်နှစ်လျှင်(၂၅၀၀၀၀၀-၃၀၀၀၀၀၀)ကျပ်ဝန်းကျင်ဝင်ငွေရရှိမှာဖြစ်ပါသည်။ ကွမ်းခြံတစ်ခြံ၏ သက်တမ်းမှာ ပြုစုကောင်းပါက (၁၀-၁၂)နှစ်အထိသက်တမ်းရှိသောကြောင့် မိသားစုအပိုဝင်ငွေရရှိပြီး အကျိုးအမြတ်များရရှိသောကြောင့် ကွမ်းပင်စိုက်ပျိုးပြီး စီးပွားရေးအောင်မြင်ဖြစ်ထွန်းသည့် ကွမ်းနုဝါကို စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။

DOCA(မန္တလေး)