Main menu

ဈေးသက်သာသည့် သွင်းကုန်များလွှမ်းမိုးမှုကြောင့် ထိုင်းနိုင်ငံတွင် စက်ရုံများပိတ်နေရ

Powered by Drupal

     အီလက်ထရောနစ်၊ စတီးလ်နှင့် ပလတ်စတစ်ထုတ်လုပ်သည့် များစွာသောပြည်တွင်းစက်ရုံများသည် ဝယ်ယူရန် အမှာများကျဆင်းမှုနှင့် ထိုင်းနိုင်ငံဈေးကွက်သို့ ဈေးသက်သာသည့်သွင်းကုန်များ ဝင်ရောက်လွှမ်းမိုးလာမှုတို့ကြောင့် ယခုနှစ်တွင် ယိမ်းယိုင်နေရကြောင်း ထိုင်းနိုင်ငံစက်မှုဝန်ကြီးက ပြောကြားခဲ့ပါသည်။ စက်ရုံပိတ်ရမှုများအား စက်ရုံများ၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးကိုအခြေခံ၍ အဆင့်ခွဲထားကြောင်းသိရပါသည်။ ပိတ်လိုက်ရသည့် အီလက်ထရောနစ်အစိတ်အပိုင်းများနှင့် ပုံနှိပ်သည့်ဆားကစ်ဘုတ်စက်ရုံများသည် ဘတ်၂.၂၉ဘီလီယံဖြင့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးအမြင့်ဆုံးဖြစ်ကြောင်းသိရပါသည်။ ဒုတိယနေရာတွင် စတီးလ်နှင့် သံစက်ရုံများက ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ်၁.၄၅ဘီလီယံနှင့် တတိယနေရာတွင် ပလတ်စတစ်ထုတ်လုပ်သည့်စက်ရုံများက ဘတ်သန်း၉၅၀တန်ဖိုးရှိကြောင်းသိရပါသည်။ ယခုနှစ်ဇန်နဝါရီလမှ မေလအတွင်း စက်မှုနယ်ပယ်မှ စက်ရုံစုစုပေါင်း ၄၈၈ခုသည် ၎င်းတို့၏လုပ်ငန်းများကို စွန့်ခွာခဲ့ကြကြောင်း ထိုင်းနိုင်ငံစက်မှုဝန်ကြီး Pimphattra Wichaikul က စက်မှုလုပ်ငန်းဌာန၏ အချက်အလက်များကို ကိုးကား၍ ပြောကြားခဲ့ပါသည်။ ပိတ်သိမ်းလိုက်ရသည့် စက်ရုံအားလုံး၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် ဘတ်၁၄ဘီလီယံရှိကြောင်းသိရပါသည်။ ယခုနှစ်၏ ပထမငါးလတာကာလအတွင်း များစွာသော ကုမ္ပဏီတို့သည် စုစုပေါင်းအလုပ်သမား ၁၂၅၅၁ဦးလျှော့ချခဲ့ရကြောင်းသိရပါသည်။ ထိုကဲ့သို့ လုပ်သားအင်အားလျှော့ချရခြင်းနှင့် စက်ရုံများပိတ်သိမ်းရခြင်း၏ အဓိကအကြောင်းရင်းမှာ ထိုင်းနိုင်ငံသို့ ကုန်ပစ္စည်းများတင်ပို့သည့် တချို့ပြည်ပကုမ္ပဏီများကို ယှဉ်ပြိုင်နိုင်စွမ်းကင်းမဲ့သောကြောင့်ဖြစ်ကြောင်းသိရပါသည်။ Ms.Pimphattram က ပြည်တွင်းမှ ကုန်ထုတ်လုပ်သူများအနေဖြင့် ကုန်ပစ္စည်းများကို ဈေးလျှော့ရောင်းချသည့် ပြိုင်ဘက်များကို မယှဉ်ပြိုင်နိုင်ကြောင်းနှင့် တချို့ထုတ်လုပ်သူများသည် လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်၏ အားသာချက်ကိုရယူရန် အိမ်နီးချင်းနိုင်ငံများကို စက်ရုံများ ပြောင်းရွှေ့၍ ပြဿနာကိုဖြေရှင်းရန် ဆုံးဖြတ်ကြကြောင်းပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံစက်မှုဝန်ကြီးဌာန၏ အဆိုအရ အစားအစာ၊ တိရိစ္ဆာန်အစာ၊ ဓာတ်မြေဩဇာ စသည့် ကဏ္ဍတချို့မှ စွန့်ဦးတီထွင်သူများ သည် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်သစ်များကို တွန်းအားပေးချမှတ်နေကြောင်းသိရပါသည်။ ဇန်နဝါရီလမှ မေလအတွင်း ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ စက်ရုံပေါင်း ၈၄၈ခုတွင် ဘတ်၁၄၉.၈ဘီလီယံပမာဏရှိကြောင်းသိရပါသည်။

Source : Bankok Post

DOCA(ရန်ကုန်)