Main menu

တရုတ်နိုင်ငံ၌ ကောက်စောစပါးရိတ်သိမ်းမှု အထွက်လျော့နည်းဖွယ်ရှိ

Powered by Drupal

    တရုတ်နိုင်ငံတွင် စားနပ်ရိက္ခာဖူလုံမှု ခိုင်မာအားကောင်းစေရေးအတွက် အစိုးရက ကြိုးပမ်းအားထုတ်လုပ်ဆောင်နေချိန်၌ စပါးအဓိကစိုက်ပျိုးရာ နယ်မြေဒေသများတွင် မကြာသေးမီကာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများဖြစ်ပေါ်ခဲ့ခြင်းက ကောက်စောစပါးများ ရိတ်သိမ်းရရှိမှုကို လျော့ကျစေနိုင်ပြီး နှစ်စဉ်ဆန်စပါးထွက်ရှိမှုအပေါ် ဖိအားများ သက်ရောက်လျက်ရှိကြောင်း သိရှိ ရသည်။

    ဇူလိုင်လကုန်ပိုင်း၌ စတင်ရိတ်သိမ်းထွက်ရှိမည့် ကောက်စောစပါးများသည် တရုတ်နိုင်ငံ၏ စုစုပေါင်း စပါးစိုက်ပျိုးထုတ်လုပ်မှုတွင် ၁၃% ခန့် ပါဝင်လျက်ရှိသည်။ လက်ရှိကာလတွင် နိုင်ငံ၏ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများ၌ ဇွန်လလယ်ပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စပါးခင်းများတွင် အချိန်မတိုင်မီ အညှောင့်ပေါက်မှုများဖြစ်ပေါ်လျက်ရှိသည်ဟု ဒေသခံလယ်သမားများနှင့် စိုက်ပျိုးရေးသုတေသီများက ပြောဆိုကြသည်။ ကောက်စောစပါးအထွက်ပမာဏ များပြားစွာ လျော့ကျနိုင်မှုက ပထဝီနိုင်ငံရေးဆိုင်ရာ မသေချာမှုများ မြင့်တက်နေချိန်၌ လူဦးရေသန်းပေါင်း ၁၄၀၀ အတွက် မဟာဗျူဟာကျ အရေးပါသည့် စားနပ်ရိက္ခာဖူလုံမှုကို ခိုင်မာအောင် ဆောင်ရွက်နေသော တရုတ်နိုင်ငံသည် ရာသီဥတုပြောင်းလဲမှု၏ စိန်ခေါ်မှုကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း ထင်ဟပ်လျက်ရှိသည်။

    ယခုရာသီကာလတွင် ထိုသို့ မိုးရွာသွန်းမှုများပြားခြင်းမှာ ပုံမှန်မြင်တွေ့ရလေ့မရှိကြောင်း၊ မြေနိမ့်ပိုင်းဒေသရှိ စပါးခင်းများမှာ ရေလွှမ်းမိုးမှုကို ကြုံတွေ့ခဲ့ရကြောင်း၊ သို့ဖြစ်ရာ ယခုနှစ် စပါး ထွက်ရှိမှုမှာ လျော့ကျရန် သေချာကြောင်းဖြင့် တရုတ်နိုင်ငံ၏ ကောက်စောစပါး အဓိကစိုက်ပျိုးရာ ဒေသကြီး ၄ ခုအနက် တစ်ခုအပါအဝင်ဖြစ်သော Hunan ပြည်နယ်၊ Xiangyin စီရင်စုမှ တောင်သူ တစ်ဦးဖြစ်သူ Ding Yong က ပြောဆိုခဲ့သည်။

      Xiangyin စီရင်စု၏ အနီးပတ်ဝန်းကျင်ရှိ Pingjiang စီရင်စုတွင်မူ ဇွန်လ ၁၈ ရက်နေ့မှ စတင်၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ၁၉၅၄ ခုနှစ်နောက်ပိုင်း၌ မိုးရေချိန် အမြင့်မားဆုံး စံချိန်တင်လျက် လမ်းများနှင့် လယ်ယာမြေများမှာ ရေလွှမ်းမိုးနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြထားသည်။

    ကောက်ပဲသီးနှံရောင်းဝယ်ရေးစင်္ကြန်တစ်ခုဖြစ်သည့် Cngrain ဝက်ဘ်ဆိုက်၌ အခြားသော ကောက်စောစပါး ဗဟိုအချက်အချာဒေသတစ်ခုဖြစ်သည့် Jiangxi ပြည်နယ်တွင် အပူချိန်နှင့် စိုထိုင်းဆ စဉ်ဆက်မပြတ်မြင့်မားခြင်း၊ မိုးရွာသွန်းမှု အားကောင်းခြင်းတို့ကြောင့် အချို့သော စပါး ခင်းများတွင် ရိတ်သိမ်းခြင်းမပြုမီ ရင့်မှည့်လျက် စပါးအညှောင့်ပေါက်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းအခြေအနေက စပါး၏ အရည်အသွေးနှင့် အထွက်ပမာဏ နှစ်ရပ်လုံးကို ကျဆင်းစေမည်ဖြစ် ကြောင်း ၂-၇-၂၀၂၄ ရက်နေ့တွင် ဖော်ပြခဲ့သည်။

    အစိုးရ၏ တရားဝင်စာရင်းအချက်အလက်များအရ တရုတ်နိုင်ငံသည် ၂၀၂၁ ခုနှစ်မှစ၍ နှစ်စဉ် ကောက်စောစပါး တန်ချိန် ၂၈ သန်းခန့်ကို ထုတ်လုပ်နိုင်ခဲ့ပြီး တစ်နိုင်ငံလုံး စပါးထွက်ရှိမှု၏ ၁၃% နှင့် ကောက်ပဲသီးနှံထုတ်လုပ်မှု၏ ၄% ရှိကြောင်း၊ ၂၀၁၈ ခုနှစ်မှ စတင်၍ နှစ်စဉ် ကောက်ပဲ သီးနှံထွက်ရှိမှုသည် တိုးတက်လာခဲ့ပြီး ယခင်နှစ်၌ တန်ချိန် ၆၉၅.၄ သန်းအထိ စံချိန်တင်ထွက်ရှိခဲ့ ကြောင်း သိရှိရသည်။

    အစိုးရအနေဖြင့် နှစ်စဉ် ကောက်ပဲသီးနှံထုတ်လုပ်မှုကို တန်ချိန် ၆၅၀ သန်း၏ အထက်၌ ထိန်းသိမ်းထားရှိနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိသော်လည်း မြို့ပြဧရိယာတိုးချဲ့မှုကြောင့် စိုက်ပျိုးမြေလျော့ကျခြင်း၊ လယ်ယာလုပ်ငန်းမှ ရရှိသည့်ဝင်ငွေနည်းပါးမှုကြောင့် လယ်ယာစိုက်ပျိုး လုပ်ကိုင်လိုမှု ကျဆင်းခြင်း စသည့်အကြောင်းအရင်းများက အဆိုပါရည်မှန်းချက်ကို အောင်မြင်စွာ ဖော်ဆောင်နိုင်ရေးအတွက် ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

Source: South China Morning Post, 3 Jul 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)