Main menu

လေးလံသတ္တုများပါဝင်သဖြင့် ဗီယက်နမ်ကုမ္ပဏီအချို့ထံမှ ဒူးရင်းသီးတင်သွင်းမှု တရုတ်အစိုးရ ဆိုင်းငံ့

Powered by Drupal

    တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဗီယက်နမ်ဒူးရင်းစိုက်ခင်းနှင့် ကုမ္ပဏီ ၃၃ ခုထံမှ ဒူးရင်းသီးတင်သွင်းမှုအား ရပ်ဆိုင်းခဲ့ကြောင်း၊ အဆိုပါအရွေ့တွင် စိုက်ပျိုးသူအချို့အနေဖြင့် ဈေးကွက်အနေ အထားအရ ကြီးမား၍ ပြိုင်ဆိုင်မှုရှိသော စျေးကွက်သို့ လျင်မြန်စွာဝင်ရောက်ရန် ဖြတ်လမ်းနည်းလမ်းများ ရရှိနိုင်ကြောင်းနှင့် စိတ်အားထက်သန်သော ပြိုင်ဘက်အများအပြားအား ပါဝင်ယှဉ်ပြိုင်ရန် လမ်းဖွင့်ပေးထားကြောင်း သိရှိရသည်။

     ဒူးရင်းသီးများတွင် လေးလံသတ္ထုပမာဏ (Heavy Metals) အလွန်အကျွံပါဝင်ကြောင်း တွေ့ရှိရသည့် ဗီယက်နမ်နိုင်ငံမှ ဒူးရင်းစိုက်ခင်း ၁၈ ခြံနှင့်  ကုမ္ပဏီ ၁၅ ခုမှ ဒူးရင်းသီး တင်သွင်းမှု များအား ရပ်ဆိုင်းသွားမည်ဖြစ်သည်ဟု တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) မှ ဗီယက်နမ်အရာရှိများသို့ ဇွန်လ ၁၁ ရက်နေ့တွင် စာဖြင့် အသိပေး အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

    တရုတ်နှင့်ဗီယက်နမ် သတင်းဌာနများက ရေးသားဖော်ပြခဲ့သည့်စာများအရ ဗီယက်နမ် ဒူးရင်းစိုက်ခင်း ၃၃ ခုနှင့် ကုမ္ပဏီ ၄၀ ခုတို့သည် ဒူးရင်းသီးတင်သွင်းရန် သင့်လျော်မှုမရှိဟု တရုတ် နိုင်ငံဘက်မှ ကနဦးတွင်ယူဆခဲ့သည်။ တရုတ်နိုင်ငံရှိ အကောက်ခွန်အရာရှိများအနေဖြင့် ဒူးရင်းသီး ကုန်သွယ်မှုကို ထိခိုက်မှုအနည်းဆုံးဖြစ်စေရေး ရှေ့ရှု၍ ပြည်တွင်းဥပဒေများ၊ နှစ်နိုင်ငံသဘောတူ စာချုပ်နှင့် ရေရှည်အကျိုးအမြတ်တို့ကို ထည့်သွင်းစဉ်းစားလျက် မည်သည့် ခြံလုပ်ငန်းနှင့် ကုမ္ပဏီ များအား ဆိုင်းငံ့မည်ဆိုသည်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါစာတွင် ဖော်ပြထားကြောင်း သိရှိရသည်။

    ဆူးချွန်ထက်၍ စူးရှသောအနံ့ရှိပြီး အမြတ်များသော  ဒူးရင်းသီးများအား ကမ္ဘာ့အကြီးဆုံး ဒူးရင်းဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံတွင် ပမာဏများစွာ ရောင်းချခြင်းမှ ဗီယက်နမ်၏ အမြတ် ဝေစုများ တိုးပွားလာခြင်းသည် ဒူးရင်းသီး အရည်အသွေးထိန်းသိမ်းရန်အတွက် အကုန်အကျခံ၍ စိုက်ပျိုးသူများအား တင်ပို့မှုပမာဏ တိုးမြှင့်စေရန် တွန်းအားဖြစ်စေခဲ့သည်။

    ဗီယက်နမ်မှ ဒူးရင်းစိုက်ပျိုးသူများသည် တရုတ်နိုင်ငံသို့ တင်ပို့ခြင်းမှ အကျိုးအမြတ် ရရှိနိုင် သော်လည်း အရည်အသွေး ထိန်းချုပ်မှုမရှိပဲ တင်ပို့မှုရုတ်တရက် မြင့်တက်လာခြင်းသည် ကာလ ရှည်တွင် ဗီယက်နမ် ဒူးရင်းသီးများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည်ဟု Fulbright University Vietnam မှ နိုင်ငံရေးသိပ္ပံပညာရှင် Nguyen Thanh Trung က ပြောကြားခဲ့သည်။

၂၈။     ဗီယက်နမ်မှ ဒူးရင်းစိုက်ပျိုးသူများသည် ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ဒူးရင်းသီး တင်ပို့ ရန် ပထမဆုံးခွင့်ပြုချက်ရရှိခဲ့ပြီး ယခင်နှစ်တွင် ထိုင်းနိုင်ငံအား အမှီလိုက်နိုင်လာပြီး တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံး ဒူးရင်းသီးတင်သွင်းသည့်နိုင်ငံ ဖြစ်လာသည်။ တရုတ်နိုင်ငံသည်  ၂၀၂၃ ခုနှစ်တွင် ဒူးရင်းသီးတန်ချိန် ၁.၄ သန်း တင်သွင်းခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာဖြင့် တွက်ချက် ကြည့်ပါက ထိုင်းနိုင်ငံ၏ ဈေးကွက်ရှယ်ယာသည် ၂၀၂၁ ခုနှစ်တွင် ၁၀၀ ရာခိုင်နှုန်း ခန့်ရှိရာမှ ယခင် နှစ်တွင် ၆၈ ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်း သိရှိရသည်။

     ၂၀၂၄ ခုနှစ် ပထမ ၅ လတွင် ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံတန်ဖိုးရှိ ဒူးရင်းသီးများ တင်ပို့ခဲ့ပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၂.၅ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း တရုတ်အကောက်ခွန်ဌာန၏ အချက်အလက်များအရ သိရသည်။ တစ်ချိန် တည်းတွင် ဗီယက်နမ်၏ ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၆၆၁.၄၈ သန်းအထိ ၆၁ ရာခိုင် နှုန်း မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။ မင်္ဂလာပွဲများကဲ့သို့ အထူးအခါသမယများ၌ တန်ဖိုးထား သည့်အနေဖြင့် ဒူးရင်းသီးများအား လက်ဆောင်ပေးကြလေ့ရှိသော တရုတ်နိုင်ငံတွင် ဗီယက်နမ် ဒူးရင်းသီးများ အလုံးအရင်းဖြင့် ဝင်ရောက်ခြင်းသည် ဈေးနှုန်းများ ကျဆင်းမှု ဖြစ်စေခဲ့သည်။         

   ဒူးရင်းသီးတင်သွင်းရန် ဆိုင်းငံ့ခြင်းခံရသော ကုမ္ပဏီများသည် မည်သည့်နေရာတွင် လိုအပ်ချက်ရှိနေသည်ကို လေ့လာရန်၊ ပြဿနာများကို ဖြေရှင်းနိုင်ရေး အစီအမံများ ပြုလုပ်ရန်နှင့် အလားတူအခြေအနေများ ထပ်မံမပေါ်ပေါက်စေရေး ၎င်းတို့၏စိစစ်မှုကို အရှိန်တိုးမြှင့်လုပ်ဆောင်သွားရန် တရုတ်နိုင်ငံ အကောက်ခွန်အာဏာပိုင်အဖွဲ့က ဗီယက်နမ်အာဏာပိုင်များသို့ တိုက်တွန်း ခဲ့သည်။

   ဒူးရင်းသီးများ အဆမတန် တင်ပို့ရောင်းချမှုနှင့် ဖြစ်ပေါ်နိုင်သော အရည်အသွေးဆိုင်ရာ ပြဿနာများနှင့် စပ်လျဉ်း၍ ဗီယက်နမ် စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဌာနနှင့် ပြည်နယ်နှစ်ခုတို့သည် ယခင်နှစ်က သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်း၊ ဒူးရင်းအပင်များကို သင့်လျော်မှုမရှိသောနေရာများတွင် စိုက်ပျိုးခြင်းသည် အရည်အသွေး နိမ့်ကျသော အသီးများ ထွက်ရှိစေပြီး ဒူးရင်းစိုက်ပျိုးသော တောင်သူများနှင့် ဗီယက်နမ်ဒူးရင်းသီး၏ အမှတ်တံဆိပ်တို့ကို ထိခိုက်ပျက်စီးစေမည်ဟု အဆိုပါဝန်ကြီးဌာန၏ သစ်သီးဝလံစိုက်ပျိုးရေးဌာန အကြီးအကဲက ပြောကြားခဲ့ကြောင်း VnExpress International သတင်းဌာနက လွန်ခဲ့သော အောက်တိုဘာလ၌ အစီရင်ခံဖော်ပြထားသည်။

    တရုတ်အကောက်ခွန်အာဏာပိုင်အဖွဲ့၏ ဧပြီလစာရင်းအရ ထိုင်းနိုင်ငံမှ ဒူးရင်းသီးများ အား တရုတ်နိုင်ငံသို့ တင်သွင်းသည့်စျေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ၅.၈၀ အမေရိကန်ဒေါ်လာနှုန်း ရှိချိန်၌ ဗီယက်နမ်ဒူးရင်းသီးသည် တစ်ကီလိုဂရမ်လျှင် ၄.၂၂ အမေရိကန်ဒေါ်လာ တန်ဖိုးရှိကြောင်း သိရသည်။

    မလေးရှားနိုင်ငံသည် တရုတ်နိုင်ငံသို့ လတ်ဆတ်သောဒူးရင်းသီးများ တင်ပို့ရောင်းချရန် ပထမဦးစားပေး အခွင့်အရေးကို ရရှိထားသောကြောင့် အခြားသော အာဆီယံနိုင်ငံ ၂ နိုင်ငံနှင့် နှိုင်းယှဉ်ပါက ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားနေချိန်တွင် ယခုကဲ့သို့ ဗီယက်နမ်လုပ်ငန်းအချို့၏ ဒူးရင်းသီး တင်သွင်းမှု ဆိုင်းငံ့ခံရခြင်းသည် ဗီယက်နမ်အတွက် အထူးဖိအားပေးလျက်ရှိသည့် ကာလဖြစ်လာစေကြောင်း သိရှိရသည်။

     ယခင်သီတင်းပတ်က တရုတ်နိုင်ငံနှင့် ချုပ်ဆိုခဲ့သော သဘောတူညီချက်သည် မလေးရှားနိုင်ငံမှ ဒူးရင်းစိုက်ပျိုးသူ ၆၃၀၀၀ အတွက် အကျိုးရှိစေမည်ဖြစ်ကြောင်း ကွာလာလမ်ပူမြို့ အခြေ စိုက် အစိုးရပိုင် Bernama သတင်းဌာနက ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် မလေးရှားဒူးရင်းသီး ပျော့ဖတ်နှင့် ဒူးရင်းသီးအနှစ်တို့ကို ယခင်က တင်သွင်းခွင့်ပြုခဲ့ပြီး ၂၀၁၈ ခုနှစ်၌ အေးခဲထားသော ဒူးရင်းသီးများကို တင်သွင်းခဲ့သည်။

   မလေးရှားနိုင်ငံမှ ဒူးရင်းစိုက်ပျိုးသူများသည် ပိုမိုကောင်းမွန်သော စိုက်ပျိုးရေး အလေ့အကျင့်များမှတစ်ဆင့် အရည်အသွေးမြင့်ထုတ်ကုန်များဆီသို့ဟူသော တရုတ်နိုင်ငံ၏ပို့ကုန်စံနှုန်း များနှင့် ကိုက်ညီနိုင်ဖွယ်ရှိကြောင်း မလေးရှားနိုင်ငံမှ စိုက်ပျိုးသူများအား လေ့ကျင့်သင်ကြားပေးသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Durian Academy မှ အကြံပေးပုဂ္ဂိုလ် Lim Chin Khee က ပြော ကြားခဲ့သည်။

  မလေးရှားနိုင်ငံ၏ ယှဉ်ပြိုင်မှုသည် ဗီယက်နမ်ဒူးရင်းစိုက်ပျိုးသူများအား ဒူးရင်းသီး အရေအတွက်ထက် အရည်အသွေးကို ပိုမိုအာရုံစိုက်လာစေရန် အံ့သြတုန်လှုပ်သွားစေသည်ဟု Nguyen က ပြောကြားခဲ့သည်။ သို့သော်လည်း တရုတ်နိုင်ငံ၏ အကောက်ခွန်အရာရှိများက ၎င်းတို့အနေဖြင့် ဗီယက်နမ်မှ ဒူးရင်းသီးတင်သွင်းမှုကို ဆက်လက်ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊  တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်သွင်းရာတွင် ဖြစ်ပေါ်လာသည့် ပြဿနာများကို သင့်လျော်စွာ ဖြေရှင်းရန်နှင့် နှစ်နိုင်ငံအကြား ကောင်းမွန်လျက်ရှိသည့် လယ်ယာထွက်ကုန် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကို ကာကွယ်ရန်အတွက် တရုတ်နိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံနှင့်အတူ ဆွေးနွေးမှုများနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်လိုကြောင်း ၎င်းတို့၏ အသိပေးထုတ်ပြန်စာတွင် ဖော်ပြခဲ့သည်။

Source: Bangkok Post, 28 June 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)