Main menu

ဗီယက်နမ်၏ အရည်အသွေးမြင့်စပါး ဟက်တာတစ်သန်းစီမံကိန်း၌ ‌ဒေါ်လာ ၂.၇ ဘီလီယံလိုအပ်

Powered by Drupal

     ဗီယက်နမ်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်၌ ဟက်တာတစ်သန်းခန့်ရှိ ၎င်း၏အရည်အသွေးမြင့် ဆန်စပါး စိုက်ပျိုးရေးစီမံကိန်းကို အကောင်အထည်ဖော်ရန်အတွက် အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံခန့် လိုအပ်မည်ဟု ခန့်မှန်းထားကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန (MARD) မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

    ဇွန်လ ၂၉ ရက်နေ့၌ ပြုလုပ်သည့် စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန၊ MARD နှင့် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသများ ပါဝင်သော အစည်းအဝေးတွင် ဒေသတွင်း အရည်အသွေးမြင့် ဆန်စပါး ဟက်တာတစ်သန်း စိုက်ပျိုးရေးစီမံကိန်းကို ပံ့ပိုးရန်အတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေများ သုံးစွဲရေးဆိုင်ရာကိစ္စအား အာရုံစိုက်ဆွေးနွေးခဲ့ကြသည်။ ပြည်တွင်းရန်ပုံငွေ နည်းပါးခြင်းကြောင့် နိုင်ငံတကာအရင်းအမြစ်များကို စုဆောင်းရန် အရေးတကြီး လိုအပ်ကြောင်း MARD ၏ စိုက်ပျိုးရေး ပရောဂျက်စီမံခန့်ခွဲမှု ဘုတ်အဖွဲ့၏ လက်ထောက်အကြီးအကဲ Tôn Thất Sơn Phong က ပြော ကြားခဲ့သည်။

    ဤရည်မှန်းချက်အတွက် MARD သည် ကမ္ဘာ့ဘဏ် (WB)၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ SNV နယ်သာလန် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နှင့် နိုင်ငံတကာ ဆန်စပါးသုတေသနဌာန (IRRI) ကဲ့သို့ သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ လုပ်ဆောင်ခဲ့ကြောင်း၊ ယနေ့အထိ ကမ္ဘာ့ဘဏ်သည် ချေးငွေနှင့် နည်းပညာအကူအညီများပေးအပ်ရန် ကတိပြုထားပြီး နိုင်ငံတကာ ဆန်စပါး သုတေသနဌာနနှင့် အခြားအဖွဲ့အစည်းများမှ နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုပေးရန် ကတိပြုထားကြောင်း သိရှိရပါသည်။

    ကမ္ဘာ့ဘဏ်၏ ကတိကဝတ်ကိုအခြေခံ၍ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ MARD၊ ပြည်နယ် ၁၂ ခုနှင့် Cần Thơ City တို့မှ ကိုယ်စားလှယ်များ၊ အခြားသော ဝန်ကြီးဌာနများနှင့် ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများသည် ကမ္ဘာ့ဘဏ်၊ ပြည်တွင်းနှင့် နိုင်ငံတကာမှ ပညာရှင်များနှင့် တိုက်ရိုက် ပူးပေါင်းလျက် ဒေသတွင်း၌ အရည်အသွေးမြင့်မားပြီး ဓာတ်ငွေ့ထုတ်လွှတ်မှု နည်းပါးသော စပါးစိုက်ပျိုးထုတ်လုပ်ရန် အခြေခံအဆောက်အအုံနှင့် နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုဆိုင်ရာ စီမံကိန်း မူကြမ်းကို အပြီးသတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရပါသည်။

   အဆိုပါ စီမံကိန်းမူကြမ်းကို ဝန်ကြီးချုပ်ထံ တင်သွင်းပြီး ၂၀၂၄ ခုနှစ် တတိယသုံးလပတ် တွင် ထည့်သွင်းစဉ်းစားရန် မျှော်မှန်းထားသည်။ ယင်း၏ ရင်းနှီးမြှုပ်နှံမှုမှာ ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ သန်း ၄၃၀ ဖြစ်ပြီး ယင်းတို့အနက် ဒေါ်လာ သန်း ၃၃၀ ကို ကမ္ဘာ့ဘဏ်မှ ချေးငွေဖြင့် ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။

    ဗီယက်နမ်နှင့် ကမ္ဘာ့နိုင်ငံများတွင် ရေရှည်တည်တံ့သောတိုးတက်မှုနှင့် ဓာတ်ငွေ့ထုတ် လွှတ်မှု လျှော့ချရေးတို့အတွက် ဆန်စပါး ထုတ်လုပ်မှုဆိုင်ရာ အကြီးစားစီမံကိန်းကို    ပထမဆုံး အကြိမ်အဖြစ် ဆောင်ရွက်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ အကြီးတန်းကျွမ်းကျင်ပညာရှင် Cao Thang Binh က ပြောကြားခဲ့သည်။ ဗီယက်နမ်နိုင်ငံသည် အရည်အသွေးမြင့်ဆန်စပါး ဟက်တာ တစ်သန်းစီမံကိန်းကို အကောင်အထည်ဖော်ရန် ရွှေရောင်လွှမ်းသည့် အချိန်အခါသို့ ရောက်ရှိနေပြီ ဖြစ်ပြီး ယင်းသည် ဗီယက်နမ်ဆန်အမှတ်တံဆိပ်ကို မြှင့်တင်ရန်နှင့် ပြန်လည်နေရာယူနိုင်ရန်၊ ဆန်စပါးထုတ်လုပ်မှုအတွက် ၎င်း၏တာဝန်ဝတ္တရားနှင့် ကမ္ဘာတွင် ၎င်း၏ရပ်တည်ချက်ကို မြှင့် တင်ရန် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ကြောင်း သိရသည်။

     စီမံကိန်းတစ်ခုလုံးအတွက် ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့် ရှိမည်ဆိုပါက အမြတ်ငွေ ဒေါ်လာ ၄ ဘီလီယံခန့် ရရှိမည်ဖြစ်ပြီး ထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် ဓာတ်မြေ သြဇာ သုံးစွဲမှုများကို ၃၀ ရာခိုင်နှုန်းခန့် လျှော့ချနိုင်မည်ဖြစ်ကြောင်း Binh ၏ ပဏာမတွက်ချက်မှုများအရ သိရသည်။

    မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင် စိမ်းလန်းစိုပြည်မှုနှင့် ဆက်စပ်နေသော အရည်အသွေးမြင့်ဆန်နှင့် ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းသော အထူးပြု ဆန်စပါးဟက်တာတစ်သန်း ဖွံ့ဖြိုးတိုး တက်ရေး စီမံကိန်းကို ဝန်ကြီးချုပ်က ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အတည်ပြုခဲ့သည်။

     သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရန်၊ ရာသီဥတုပြောင်းလဲမှုကို လိုက်လျောညီထွေဖြစ်အောင်နှင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရန် ဗီယက်နမ်နိုင်ငံ၏ ကတိကဝတ်များ နှင့်အညီ ရေရှည်တည်တံ့သော စိုက်ပျိုးရေးအလေ့အထများ၊ ထုတ်ကုန်တန်ဖိုးမြင့်မားမှု၊ ပိုမိုကောင်းမွန်သော စီးပွားရေးနှင့် ထိရောက်သောထုတ်လုပ်မှု၊ လယ်သမားများ၏ အသက်မွေး ဝမ်းကျောင်းဆိုင်ရာ မြှင့်တင်မှုတို့ကို အထူးအာရုံစိုက်ကာ ဒေသတွင်း ထုတ်လုပ်မှုစနစ်နှင့် တန်ဖိုး ကွင်းဆက်ကို ပြန်လည်ဖွဲ့စည်းရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းတစ်ခုဖြစ်ကြောင်း သိရှိရ ပါသည်။

Source: Vietnam News, 1 Jul 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)