Main menu

ပြောင်းနှင့် စားသုံးဆီများအား ကန့်သတ်အကောက်ခွန်နှုန်းဖြင့် တင်သွင်းခွင့်ခွဲတမ်း အိန္ဒိယ အစိုးရ သတ်မှတ်

Powered by Drupal

    အိန္ဒိယနိုင်ငံသည် စားနပ်ရိက္ခာဈေးနှုန်းဖောင်းပွမှုကို လျှော့ချနိုင်ရန် ကြိုးပမ်းလျက်ရှိရာ ပြောင်း၊ နေကြာဆီကြမ်း၊ သန့်စင်ပြီးမုန်ညင်းဆီနှင့် နို့မှုန့်တို့အား ကန့်သတ်အကောက်ခွန်နှုန်းဖြင့် တင်သွင်းခွင့်ခွဲတမ်း (Tariff-Rate Quota - TRQ) သတ်မှတ်လျက် တင်သွင်းခွင့်ကို ၂၆-၆-၂၀၂၄ နေ့ တွင်ခွင့်ပြုပေးခဲ့ပြီး တင်သွင်းသူများအနေဖြင့် အကောက်ခွန်နှုန်း သုည သို့မဟုတ် နိမ့်ကျသော နှုန်းထားဖြင့်သာ ပေးဆောင်ရမည်ဖြစ်ကြောင်း Economic Times သတင်းဌာနက ဇွန်လ ၂၆ ရက် နေ့တွင် ဖော်ပြထားပါသည်။

     အိန္ဒိယသည် စားအုန်းဆီ၊ ပဲပုပ်ဆီနှင့် နေကြာဆီကဲ့သို့သော ဟင်းသီးဟင်းရွက်ဆီများကို ကမ္ဘာ့အများဆုံး တင်သွင်းသည့်နိုင်ငံဖြစ်ပြီး နို့ကိုအများဆုံးထုတ်လုပ်သည့် နိုင်ငံတစ်ခုလည်းဖြစ် သည်။ အိန္ဒိယအစိုးရ၏ ထုတ်ပြန်ချက်အရ အဆိုပါ TRQ ခွဲတမ်းစနစ်ဖြင့် နေကြာဆီ တန်ချိန် ၁၅၀၀၀၀၊ ပြောင်းတန်ချိန် ၅၀၀၀၀၀၊ သန့်စင်ပြီးမုန်ညင်းဆီ တန်ချိန် ၁၅၀၀၀၀ နှင့် နို့မှုန့် တန်ချိန် ၁၀၀၀၀ တို့ကို တင်သွင်း ခွင့်ပြုခဲ့ကြောင်း ဖော်ပြပါသည်။

     ကောက်ပဲသီးနှံများ စိုက်ပျိုးမှုအပေါ် ရာသီဥတုဆိုးရွားမှုကဲ့သို့သော ထုတ်လုပ်မှုကဏ္ဍ ဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများရှိခြင်းကြောင့် စားသောက်ကုန်ဈေးနှုန်းဖောင်းပွမှုမှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ စတင်၍ နှစ်အလိုက်နှိုင်းယှဉ်ပါက ၈% ခန့် ဝန်းကျင်၌ ဆက်လက်တည်ရှိ နေခဲ့ပြီး အတိုးနှုန်းများအား ဖြတ်တောက်လျှော့ချရန်အတွက် အတားအဆီးဖြစ်ပေါ်လျက်ရှိသည်။

    အိန္ဒိယအစိုးရသည် TRQ ခွဲတမ်းစနစ်ဖြင့် တင်သွင်းခွင့်ပြုမည့် စာရင်းတွင် သမဝါယမနှင့် အစိုးရပိုင် ကုမ္ပဏီများဖြစ်သည့် အမျိုးသား နို့ထွက်ပစ္စည်းဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့ (NDDB)၊ အမျိုးသား သမဝါယမ နို့ထွက်ပစ္စည်းအသင်းချုပ် (NCDF) နှင့် အမျိုးသား စိုက်ပျိုးရေး သမဝါယမ ဈေးကွက်မြှင့်တင်ရေး အသင်းချုပ် (NAFED) တို့အား ပဏာမပါဝင်ထည့်သွင်းထားပါသည်။

     နေကြာဆီနှင့် မုန်ညင်းဆီတို့ကို အခွန်သက်သာခွင့်အစီအစဉ်ဖြင့် တင်သွင်းခွင့်ပေးရန်မှာ မလိုအပ်ကြောင်း၊ စျေးနှုန်းသက်သာသော သွင်းကုန်ပစ္စည်းများကြောင့် ဆီထွက်သီးနှံဈေးနှုန်း အပေါ် ဖိအားများရှိနေပြီး အကောက်ခွန် စည်းကြပ်ရန် လိုအပ်သည့်အခြေအနေပင်ရှိနေကြောင်း၊ ယခုကဲ့သို့ အကောက်ခွန်ကင်းလွတ်သက်သာစွာဖြင့် ကုန်စည်တင်သွင်းမှုသည် နောက်ထပ်ဖိအား များကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း မွမ်ဘိုင်းမြို့အခြေစိုက်လျက် နိုင်ငံတကာနှင့် ကုန်သွယ်မှု လုပ်ကိုင်နေသော ကုန်သည်တစ်ဦးက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

     အိန္ဒိယနိုင်ငံသည် စားသုံးဆီသွင်းကုန်စုစုပေါင်း၏ သုံးပုံနှစ်ပုံခန့်ကို စားအုန်းဆီများ တင်သွင်းလျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်သည့် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ တင်သွင်းကြောင်း၊ နေကြာဆီနှင့် ပဲပိစပ်ဆီများကို ရုရှား၊ ယူကရိန်း၊ အာဂျင်တီးနားနှင့် ဘရာဇီး နိုင်ငံတို့မှ တင်သွင်းလျက်ရှိကြောင်း ဖော်ပြထားပါသည်။

    ကမ္ဘာ့နို့ထွက်ပစ္စည်း အများဆုံးထုတ်လုပ်သည့် နိုင်ငံဖြစ်သော်လည်း ရောင်းလိုအား ကန့်သတ်ချက်များရှိပြီး ဝယ်လိုအား ခိုင်မာမှုကြောင့် နို့နှင့်နို့ထွက်ပစ္စည်းဈေးနှုန်းများ မြင့်တက် လာခဲ့ကြောင်း၊ အလားတူ ကြက်မွေးမြူရေးနှင့် အီသနောထုတ်လုပ်မှု၌ ဝယ်လိုအား ကောင်းလာ ခြင်းကြောင့် ပြည်တွင်းပြောင်းဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း၊ မျိုးဗီဇပြုပြင်ထားသော အစား အစာ သီးနှံများစိုက်ပျိုးခြင်းကို ခွင့်မပြုသော အိန္ဒိယနိုင်ငံတွင် သွင်းကုန်များ၌ မျိုးဗီဇပြုပြင်ထားသည့် ကုန်စည်များ ပါဝင်မှုမရှိစေရန် သေချာမှုရှိစေသည့် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ထားပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

Source: Economic Times, 26 Jun 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)