ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်ကြသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြင်းခြံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့သည် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၂)ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် မြင်းခြံမြို့ပေါ်ရှိ ဆန်လက်လီ/ လက္ကားအရောင်းဆိုင်(၇)ဆိုင်သို့ ဆန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်ဆန်သိုလှောင်ရုံမှတ်ပုံတင်ထားနိုင်ရေးကိစ္စများဆောင်ရွက်ရန် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ထိုသို့ ဆန် လက်လီ/ လက္ကားအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရောင်းချနေသောဆန်အမျိုးအစားများမှာ ရွှေဘိုပေါ်ဆန်း၊ ဧရာပေါ်ဆန်း၊ မဂျမ်းတော၊ ဖန်သီး၊ ရက်(၉၀)၊ မနောသုခ စသောဆန်အမျိုးအစားများကို ရောင်းချနေကြောင်းတွေ့ရှိရပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများက ဆန် လက်လီ/ လက္ကားရောင်းချသူလုပ်ငန်းရှင်များအား အလေးချိန်၊ အချင်အတွယ်မှန်ကန်စွာရောင်းချရန်၊ ဈေးနှုန်းတည်ငြိမ်ပြီး သင့်တင့်မျှတသောဈေးနှုန်းဖြင့်ရောင်းချရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမပြုလုပ်ရန်၊ ထိုသို့သိုလှောင်ထားရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူနိုင်ကြောင်းတို့ကိုရှင်းလင်းပြောကြားခဲ့ပြီး၊ ဆန်များရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း၊ Vinyl ချိတ်ဆွဲရောင်းချသွားရန်နှင့် ဆန်တန်ချိန် ၅၀ (သို့မဟုတ်) စပါးတင်း(၅၀၀၀)နှင့်အထက် သိုလှောင်သည့် ဆန်စပါးသိုလှောင်ရုံပိုင်ဆိုင်သူများအနေဖြင့် သိုလှောင်ရုံများကို မှတ်ပုံတင်ထားနိုင်ရေးကိစ္စများဆောင်ရွက်ရန်လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)