Main menu

“ သန်လျင်မြို့နယ်တွင် ဆန်ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း ”

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများကို သင့်တင့်မျှတသောဈေးနှုန်းဖြင့် အလွယ်တကူဝယ်ယူစားသုံးနိုင်ရေးအတွက် သန်လျင်မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်နှင့် ရပ်ကွက်များတွင် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များအား ၂၀၂၄ခုနှစ်၊ ဇွန်လ(၂၈)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် သန်လျင်မြို့နယ်စည်ပင်သာယာရေးကော်မတီရုံးခန်းမ၌ ဆန်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ခေါ်ယူတွေ့ဆုံဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

        ထိုသို့ဆွေးနွေးခဲ့ရာတွင် သန်လျင်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က မြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆန်ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ဝယ်ယူထားသည့်ဈေးနှုန်း များအပေါ် သင့်တင့်သောအမြတ်ရာခိုင်နှုန်းသာယူပြီး ပြန်လည်ဖြန့်ဖြူးရောင်းချကြရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူပြည်သူများ သင့်တင့်မျှတသောရည်ညွှန်းဈေးဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့်ညီနောင်အသင်းများ၊ ကုန်စည်ဒိုင်များ၊ ဆန်စပါးကုမ္ပဏီများပူးပေါင်းပြီး ဆန်များရောင်းချသွားမည်ဖြစ်ကြောင်း ဆန်ဈေးနှုန်းများတည်ငြိမ်စေရေးအတွက် ဆန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်  သိုလှောင်ထားခြင်းမျိုးများမဖြစ်စေရေးတို့အတွက် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုများပြုလုပ်လျက်ရှိကြောင်း လုပ်ငန်းရှင်များအား အသိပေးဆွေးနွေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ တာဝန်ရှိသူက ၎င်းမှထုတ်ပြန်ထားသည့်ရည်ညွှန်းဈေးများအား တက်ရောက်လာသည့်တောင်သူများကိုလက်ဆင့်ကမ်းပြီး ၎င်းဆန်များကိုလည်း ရန်ကုန်မြို့၊ ဝါးတန်းကုန်စည်ဒိုင်၊ ဘုရင်းနောင်ဆန်စပါးကုန်စည်ဒိုင်များတွင် ချိတ်ဆက်ဝယ်ယူနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

       အဆိုပါဆွေးနွေးပွဲသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူနှင့်ဝန်ထမ်းများနှင့် ဆန်ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်(၁၉)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)