Main menu

ဗီယက်နမ်နိုင်ငံမှ ဒူးရင်းသီးတင်သွင်းမှုတချို့ကို ပိတ်ပင်လိုက်သည့်တရုတ်နိုင်ငံ

Powered by Drupal

     တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံထံမှ ဒူးရင်းသီးတင်သွင်းသည့် အရင်းအမြစ် ၃၃ခုကို ယခုလတွင် ပိတ်ပင်လိုက်ကြောင်းသိရပါသည်။ အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးမှူးက အသီးများတွင် သတ္တုဓာတ်များပါဝင်မှုအလွန်များပြားနေမှုကြောင့် ဒူးရင်းစိုက်ခင်း ၁၈ခုနှင့် ထုပ်ပိုးသည့်ကုမ္ပဏီ ၁၅ခုအနေဖြင့် တင်သွင်းမှုကို ရပ်တန့်တော့မည်ဟု ဗီယက်နမ်တွင် တရားဝင်စာထုတ်ပြောကြားခဲ့ကြောင်း သိရပါသည်။ ထို့ပြင် တရုတ်နိုင်ငံသည် စိုက်ခင်း ၃၃ခုနှင့် ထုပ်ပိုးသည့်ကုမ္ပဏီ ၄၀တို့ကို တင်သွင်းရန်မသင့်လျော်ဟု ယူဆလျက်ရှိကြောင်းသိရပါသည်။ တရုတ်နိုင်ငံအကောက်ခွန်က ပြည်တွင်းဥပဒေများ၊ နှစ်ဦးနှစ်ဖက်သဘောတူညီချက်နှင့် ဒူးရင်းသီးကုန်သွယ်ရာတွင် ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် လိုက်နာဆောင်ရွက်မှုတို့ကိုအခြေခံကာ တင်သွင်းရန်ပိတ်ပင်သင့်/မသင့်ကို ‌ရွေးချယ်ခြင်းဖြစ်ကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံ Fulbright University မှ နိုင်ငံသိပ္ပံပညာရှင် Nguyen Thanh Trung က ဗီယက်နမ်ဒူးရင်းသီးစိုက်ပျိုးသူများသည် တရုတ်နိုင်ငံသို့တင်ပို့ခြင်းမှ အကျိုးကျေးဇူးရနိုင်သော်လည်း တင်ပို့သည့်ဒူးရင်းသီးများအပေါ် အရည်အသွေးထိန်းချုပ်မှုမရှိခြင်း ရုတ်တရက်မြင့်တက်လာမှုသည် ရေရှည်တွင် ဗီယက်နမ်ဒူးရင်းသီးများ၏ သိက္ခာကိုထိခိုက်စေကြောင်းပြောကြားခဲ့ပါသည်။ ဗီယက်နမ်စိုက်ပျိုးရေးသမားများသည် ၂၀၂၁ခုနှစ်တွင်  တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့ရန်ခွင့်ပြုချက်ကို ပထမဆုံးရရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်တွင် ထိုင်းနိုင်ငံပြီးလျှင် တရုတ်နိုင်ငံ၏ ဒုတိယအကြီးမားဆုံး ဒူးရင်းသီးတင်သွင်းရာ အရင်းအမြစ်ဖြစ်လာကြောင်းသိရပါသည်။

      တရုတ်နိုင်ငံသည် ၂၀၂၃ခုနှစ်တွင် ဒူးရင်းသီးတန်ချိန် ၁.၄သန်းတင်သွင်းခဲ့ပြီး ထိုင်းနိုင်ငံ၏ဝေစုမှာ အမေရိကန်ဒေါ်လာနှင့်တွက်ပါက ၂၀၂၁ခုနှစ်တွင် ၁၀၀ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၃ခုနှစ်တွင် ၆၈ရာခိုင်နှုန်းထိ ကျဆင်းသွားကြောင်းသိရပါသည်။ ၂၀၂၄၏ပထမ(၅)လတွင် ထိုင်းနိုင်ငံသည် အမေရိကန် ၂.၂ဘီလီယံတန်ဖိုးရှိသည့် ဒူးရင်းသီးများကို တရုတ်နိုင်ငံသို့တင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ်တူညီသည့်ကာလထက် ၂.၅ရာခိုင်နှုန်းကျဆင်းခဲ့ကာ ဗီယက်နမ်နိုင်ငံက အမေရိကန်ဒေါ်လာ ၆၆၁.၄၇သန်းဖြင့် လွန်ခဲ့သည့်နှစ်ကာလထက် ၆၁ရာခိုင်နှုန်းတင်ပို့မှုမြင့်တက်လာကြောင်းသိရပါသည်။ တရုတ်နိုင်ငံအကောက်ခွန်အုပ်ချုပ်ရေးကလည်း ဗီယက်နမ်အာဏာပိုင်များကို ပိတ်ပင်ခံရသည့်ကုမ္ပဏီများအနေဖြင့် မည်သည့်အရာများ မှားယွင်းနေသည်ကိုလေ့လာရန်၊ ပြဿနာများကိုဖြေရှင်းရေး၊ အကဲဖြတ်ရန်နှင့် ဆက်စပ်အခြေအနေများ နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားခြင်းမှကာကွယ်ရန် အကွက်စေ့စေ့စပ်စပ်စိစစ်ရန် တိုက်တွန်းခဲ့ပါသည်။

       ဗီယက်နမ်နိုင်ငံစိုက်ပျိးမွေးမြူရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ဗီယက်နမ်နိုင်ငံစိုက်ပျိုးရေးစီရင်စု(၂)ခုက လွန်ခဲ့သည့်နှစ်တွင် ဒူးရင်းသီးများ အလွန်အကျွံထုတ်လုပ်နေမှုနှင့် အရည်အသွေးပြဿနာများဖြစ်ပေါ်လာနိုင်မှုနှင့်ပတ်သက်ပြီး သတိပေးချက်ထုတ်ပြန်ခဲ့သည်။ ဝန်ကြီးဌာန၏ သစ်သီးဝလံစိုက်ပျိုးရေးအကြီးအကဲက ဒူးရင်းပင်များကို မသင့်လျော်သည့်ဧရိယာများတွင် စိုက်ပျိုးနေသောကြောင့် အရည်အသွေးနိမ့်သည့် ဒူးရင်းသီးများထွက်ရှိလာပြီး ဗီယက်နမ်လယ်သမားများနှင့် ဗီယက်နမ်ဒူးရင်းသီးအမှတ်တံဆိပ်ကို ထိခိုက်စေကြောင်းပြောကြားခဲ့ပါသည်။ ဧပြီလတွင် တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံထံမှ 1Kg လျှင် ၅.၈၀အမေရိကန်ဒေါ်လာဖြင့်တင်သွင်းခဲ့ပြီး ဗီယက်နမ်ဒူးရင်းးသီးကို  1Kg လျှင် ၄.၂၂အမေရိကန်ဒေါ်လာဖြင့် တင်သွင်းခဲ့ကြောင်းသိရပါသည်။ ယခုပိတ်ပင်မှုသည် တရုတ်နိုင်ငံက မလေးရှားနိုင်ငံထံမှ လတ်ဆတ်သောဒူးရင်းသီးများကို ပထမဆုံးတင်သွင်းခွင့်ပြုသည့်အချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်းသိရပါသည်။ တရုတ်နိုင်ငံနှင့် လွန်ခဲ့သည့်အပတ်က ချုပ်ဆိုခဲ့သောစာချုပ်သည် မလေးရှားနိုင်ငံမှ စိုက်ပျိုးရေးသမား ၆၃၀၀၀ကို အကျိုးကျေးဇူးရရှိစေမည်ဖြစ်ကြောင်းသိရပါသည်။ တရုတ်နိုင်ငံသည် မလေးရှားနိုင်ငံအား ၂၀၁၁ခုနှစ်တွင် ဒူးရင်းသီးအနှစ်နှင့် ၂၀၁၈ခုနှစ်တွင် အေးခဲထားသော ဒူးရင်းသီးများကိုသာ တင်သွင်းခွင့်ပြုထားခြင်းဖြစ်ကြောင်းသိရပါသည်။

      ယခုကဲ့သို့ မလေးရှားနိုင်ငံထံမှ ယှဉ်ပြိုင်မှုပေါ်ပေါက်လာခြင်းသည် ဗီယက်နမ်ဒူးရင်းသီးစိုက်ပျိုးသူများကို တုန်လှုပ်သွားစေခဲ့ပြီး ဒူးရင်းသီးကို အရေအတွက်ထက် အရည်အသွေးကို ပိုမိုအာရုံစိုက်ရန် လိုအပ်သည်ကို သိရှိစေမည်ဖြစ်ကြောင်း Nguyen က ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံအကောက်ခွန်အုပ်ချုပ်ရေးကလည်း ၎င်းတို့သည် ဗီယက်နမ်နိုင်ငံထံမှ တင်သွင်းမှုများကို ဆက်လက်ပြုလုပ်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်ဟုသိရပါသည်။

Source: Bangkok Post

DOCA(ရန်ကုန်)