Main menu

ပခုက္ကူဈေးကွက်တွင်ဖြစ်ပေါ်နေသော ငရုတ်သီးခြောက်နှင့် ငရုတ်ခွဲခြမ်းဈေးနှုန်းဈေးကွက်

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ငရုတ်သီးခြောက်အမျိုးမျိုးဖြစ်သော မိုးထောင်၊ သံဖို(11)၊ မြှားနီ၊ မိုးမျှော်၊ ကျွန်းငရုတ်သီးအမျိုးမျိုး ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။ ငရုတ်သီးကို ပခုက္ကူမြို့နယ်အတွင်းရှိရွာများဖြစ်သော ကျွန်းဦးကျွန်းညို၊ ရွာသစ်ကုန်း၊ ကုက္ကိုလ်လှ၊ မြင်းကျွန်း၊ လေးလံကျွန်း၊ နန်းတော်ရပ်အုပ်စု၊ ငကျော်၊ မြင်းဝင်း၊ ဘဲကြီးအုပ်စုဖြစ်သော အရှေ့နံကပ်၊ အနောက်နံကပ်၊ ညောင်ပင်ရွာနှင့် မြစ်ခြေမြို့နယ်များတွင် ငရုတ်သီးများကို တစ်ကွင်းတစ်စပ်စိုက်ပျိုးလျက်ရှိပါသည်။ ပခုက္ကူမြို့နယ်မှထွက်ရှိသော ငရုတ်သီးများမှာ မိုးမျှော်ငရုတ်သီး၊ ကျွန်းပွသီး၊ မြှားနီသီးတို့ဖြစ်ပါသည်။

         ပခုက္ကူမြို့သို့ အခြားမြို့နယ်များဖြစ်သော မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ဆည်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြောင်၊ ပရိမ္မ၊ မုံရွာတို့မှ သံဖို(11)နှင့် ရွှေအပ်သီးများ၊ ငရုတ်သီးခြောက်များလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ၂၀၂၄ခုနှစ်၊ ဇွန်လ (စတုတ္ထပတ်) လက်ကားဈေးနှုန်းများမှာ မိုးထောင်ငရုတ်သီးတစ်ပိဿာလျှင် ကျပ်(၉၀၀၀)၊ ကျွန်းငရုတ်သီးအရှည်တစ်ပိဿာလျှင် ကျပ်(၆၀၀၀)၊ သံဖို(11)တစ်ပိဿာလျှင် ကျပ်(၁၁၀၀၀)ရှိခဲ့ပြီး ဇူလိုင်လ(ပထမပတ်)တွင် လက်ကားဈေးနှုန်းများမှာ မိုးထောင်ငရုတ်သီးတစ်ပိဿာလျှင် ကျပ် (၆၀၀၀မှ ၈၅၀၀)၊ ကျွန်းငရုတ်သီးအရှည်တစ်ပိဿာလျှင် ကျပ်(၃၈၀၀မှ ၄၀၀၀)၊ သံဖို (11) တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀မှ ၁၀၅၀၀)တို့ဖြစ်ပြီး ယခင်လနှင့် ယခုလတို့ကိုနှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ်(၅၀၀မှ ၂၅၀၀) ခန့်ကျဆင်းနေသော်လည်း အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ ငရုတ်သီးခွဲခြမ်းတစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ငရုတ်သီးအရောင်တင်မှုန့်တစ်ပိဿာလျှင် ကျပ် (၁၀၀၀၀)ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)