ကမ္ဘောဒီးယားနိုင်ငံသည် ဇူလိုင်လ ၈ရက်နေ့မှ ၁၀ရက်နေ့အထိကျင်းပမည့် ဒုတိယအကြိမ်မြောက် ပြင်သစ်-ကမ္ဘောဒီးယား စီးပွားရေးဖိုရမ်အတွက် အရှိန်မြှင့်တင်နေပြီး ကမ္ဘောဒီးယားသည် ပြင်သစ်ပိုင်စီးပွားရေးလုပ်ငန်းများနှင့်အတူ အောင်မြင်သည့်ဇာတ်လမ်းများရှိခဲ့ကြောင်းသိရပါသည်။ စီးပွားရေးနယ်ပယ်အတွင်းမှ ထင်ရှားသောပြင်သစ်လုပ်ငန်းများသည် ကမ္ဘောဒီးယားနိုင်ငံစီးပွားရေး၏ အကန့်အသတ်ကင်းမဲ့သော အလားအလာများကို မီးမောင်းထိုးလျက်ရှိပါသည်။ လာမည့်အခမ်းအနားသည် ၂၀၂၄ခုနှစ်၊ မတ်လ ၂၈ရက်နေ့ကကျင်းပခဲ့သော ကမ္ဘောဒီးယားကုန်အမှတ်တံဆိပ်ဖိုရမ်၏ နောက်ဆက်အဖြစ် ကျင်းပခြင်းဖြစ်ကြောင်းသိရပါသည်။ ပြင်သစ်-ကမ္ဘောဒီးယားစီးပွားရေးလုပ်ငန်းရှင်များအသင်း (CCIFC) နှင့်အတူ ပြင်သစ်နိုင်ငံ ပြည်ပကုန်သွယ်ရေးအကြံပေး၊ ကမ္ဘောဒီးယားကော်မတီ(CCEF)နှင့် ကမ္ဘောဒီးယားစီးပွားရေးလုပ်ငန်းရှင်များအသင်း(CCC)တို့က ပူးပေါင်းကျင်းပမည့်အခမ်းအနားကို ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံး၊ MEDEF International နှင့် Combodian Oknha Association က ပံ့ပိုးကူညီသွားမည်ဟုသိရပါသည်။ လွန်ခဲ့သည့်နှစ်တွင် နှစ်နိုင်ငံကြားကုန်သွယ်ရေးပမာဏမှာ ယူရို ၁.၃၆၃ဘီလီယံရှိခဲ့ပြီး ပြင်သစ်သည် ဂျာမနီပြီးနောက် ဒုတိယအကြီးမားဆုံး ဥရောပကုန်သွယ်ရေးမိတ်ဖက်နိုင်ငံဖြစ်ကြောင်းသိရပါသည်။ ပြင်သစ်နိုင်ငံက အဓိကအားဖြင့် စိုက်ပျိုးမွေးမြူရေးထွက်အစားအစာများ၊ ဆေးဝါးများ၊ သတ္တုထုတ်ကုန်များကို ကမ္ဘောဒီးယားနိုင်ငံသို့တင်ပို့ခဲ့ပြီး အထည်အလိပ်များ၊ စိုက်ပျိုးမွေးမြူရေးထွက် အစားအစာများနှင့် စက်ဘီးများ ပြန်လည်တင်သွင်းခဲ့ကြောင်းသိရပါသည်။ ပြင်သစ်လုပ်ငန်းများသည် လေယာဉ်ကွင်းများ၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့်စွမ်းအင်တို့ပါဝင်သည့် အရေးပါသော အခြေခံအဆောက်အဦစီမံကိန်းများတွင် ပါဝင်လျက်ရှိကြောင်းသိရပါသည်။ အဆိုပါစီမံကိန်းများသည် တိုင်းပြည်၏ အခြေခံအဆောက်အဦများကို တိုးတက်စေရုံသာမက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့်ချိတ်ဆက်ရေးနှင့် စီးပွားရေးလုပ်ငန်းလည်ပတ်မှုများကို ချောမွေ့စေမည်ဟုသိရပါသည်။ ပြင်သစ်နိုင်ငံ၏ VINCJ အုပ်စုသည် ၁၉၉၅ခုနှစ်မှစတင်၍ အမေရိကန်ဒေါ်လာ တစ်ဘီလီယံခန့်ရင်းနှီးမြှုပ်နှံထားသည့် လေယာဉ်ကွင်းများမှာ ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကို မြှင့်တင်ပေးနိုင်စေခဲ့ကြောင်းသိရပါသည်။ ထို့ပြင် Total၊ Accor or Bollore’ စသည့်ကုမ္ပဏီများသည် စွမ်းအင်ထောက်ပံ့ပို့ဆောင်ရေး စသည့်အဓိကနယ်ပယ်များကို နိုင်ငံတကာအဆင့်အတန်းမီစေရေးနှင့် ပြည်တွင်းမှ အတတ်ပညာရှင်များဖွံ့ဖြိုးတိုးတက်စေရေးတို့တွင် ပူးပေါင်းပါဝင်လျက်ရှိပါသည်။ Decathlan၊ BRED Bank နှင့် Vinci တို့ကဲ့သို့သော ကုမ္ပဏီများသည် လက်လီရောင်းချခြင်း၊ ဘဏ်လုပ်ငန်းနှင့် အခြေခံအဆောက်အဦကဏ္ဍတို့တွင် အဓိကအာရုံစိုက်ပူးပေါင်းပါဝင်နေကြောင်းသိရပါသည်။ ပြင်သစ်နိုင်ငံသည် ကမ္ဘောဒီးယားကုန်ပစ္စည်းများတင်သွင်းခြင်းနှင့် ပြင်သစ်ထုတ်ကုန်များတင်ပို့ခြင်းတို့ဖြင့် ကမ္ဘောဒီးယား၏အရေးပါဆုံး ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံများအနက် တစ်ခုဖြစ်ကြောင်းသိရပါသည်။
Source: Khmer Times
DOCA(ရန်ကုန်)