အင်ဒိုနီးရှားနိုင်ငံသည် ဖိနပ်များမှအစ ကြွေထည်ပစ္စည်းများအထိ တင်သွင်းမှုအပေါ် ၁၀၀%မှ ၂၀၀%အထိ အခွန်စည်းကြပ်မည်ဖြစ်ပြီး ထိုဆောင်ရွက်မှုသည် ပြည်တွင်းစက်မှုလုပ်ငန်းများအား ကာကွယ်သည့်အစီအစဉ်အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
စီစဉ်ထားသော သွင်းကုန်ခွန်သည် ပျမ်းမျှအားဖြင့် ၁၀၀%ထက်ပိုများကြောင်း၊ ပြည်ပမှကုန်ပစ္စည်းများ အများအပြားတင်သွင်းပါက ပြည်တွင်းရှိ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများပြိုလဲသွားနိုင်ကြောင်း ကုန်သွယ်ရေးဝန်ကြီး ZulkiFli Hasan က သောကြာနေ့တွင် သတင်းထောက်များအားပြောကြားခဲ့သည်။
စားသောက်ကုန်ပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများနှင့် ဓာတုဗေဒပစ္စည်းများအထိ တင်သွင်းလာသောကုန်ပစ္စည်းအမျိုးအစား ၃၀၀၀ကျော်ကို စောင့်ကြည့်ကြပ်မတ်ရန် ယမန်နှစ်နှောင်းပိုင်းတွင် စည်းမျဉ်းတစ်ခုထုတ်ပြန်ခဲ့သည်။ သို့သော်လည်း ပြည်တွင်းစက်မှုလုပ်ငန်းများအတွက် လိုအပ်သောပစ္စည်းများတင်သွင်းမှုကို အဟန့်အတားဖြစ်စေသည်ဟုပြောကြားပြီးနောက် ထိုစည်းမျဉ်းကိုဖျက်သိမ်းခဲ့ကြသည်။
မကြာမီတွင် တင်သွင်းခွန်များချမှတ်တော့မည်ဖြစ်ကာ ဖိနပ်၊ အဝတ်အထည်၊ အထည်အလိပ်၊ အလှကုန်နှင့် ကြွေထည်ပစ္စည်းများတင်သွင်းမှုအပေါ် သက်ရောက်မှုရှိမည်ဖြစ်ကြောင်း Mr. ZulkiFli ကပြောကြားခဲ့သည်။
အင်ဒိုနီးရှားကုန်သွယ်မှုကာကွယ်ရေးကော်မတီသည် အကောက်ခွန်နှုန်းထားများကိုဆုံးဖြတ်ရန် စုံစမ်းစစ်ဆေးနေကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာန၊ အကြီးတန်းအရာရှိ Budi Santoso က စနေနေ့တွင် ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံသည် တရုတ်၊ ဗီယက်နမ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ အဝတ်အထည်များနှင့် အသုံးအဆောင်များကို အဓိကတင်သွင်းနေကြောင်း စာရင်းအင်းဗျူရိုမှ အချက်အလက်များအရသိရသည်။
Source: thehindu
DOCA(ရန်ကုန်)