Main menu

Volkswagen သည် EV ကားထုတ်လုပ်မှုကိုမြှင့်တင်ရန် Rivian တွင် ဒေါ်လာ ၅ဘီလီယံရင်းနှီးမြှုပ်နှံ

Powered by Drupal

       Volkswagen Group နှင့် Rivian Automotive တို့သည် မျိုးဆက်သစ် EV ကားများထုတ်လုပ်ရန် ဖက်စပ်လုပ်ငန်းတစ်ခုဖွဲ့စည်းရန် ရည်ရွယ်ချက်ကို ဇွန်လ ၂၅ရက်နေ့တွင် ကြေညာခဲ့သည်။

      သဘောတူညီချက်၊ စည်းကမ်းချက်များအရ Volkswagen သည် Rivian တွင် ကနဦး ဒေါ်လာ ၁ဘီလီယံရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး မိတ်ဖက်ပူးပေါင်းမှုကာလအတွင်း နောက်ထပ် ဒေါ်လာ ၄ဘီလီယံအထိ ရင်းနှီးမြှုပ်နှံရန်မျှော်လင့်ထားသည်။

        Rivian သည် R၊ S SUV ကဲ့သို့သော အရည်အသွေးကောင်းမွန်၍ ဆွဲဆောင်မှုရှိသော လျှပ်စစ်ကားတချို့ဖန်တီးထားပြီး R2 နှင့် R3 X ကဲ့သို့သော မော်ဒယ်များအတွက် ကြီးမားသောအစီအစဉ်များရှိသည်။ သို့သော်လည်း ကုမ္ပဏီသည် အဆိုပါယာဉ်များအား ထုတ်လုပ်ရန်ကြေညာသည့်အဆင့်၌ပင် ငွေကြေးကုန်ကျမှုများရှိခဲ့သည်။ ၂၀၂၄ခုနှစ်၊ ပထမ(၃)လပတ်တွင် Rivian ကုမ္ပဏီသည် စုစုပေါင်းအမြတ်ငွေဒေါ်လာ ၅၂၇သန်းဆုံးရှုံးခဲ့ကြောင်းသိရသည်။

         အခြားတစ်ဖက်တွင် Volkswagen သည် ပိုမိုခိုင်မာသော ဘဏ္ဍာရေးဆိုင်ရာ အခြေအနေများကိုပိုင်ဆိုင်၍ ၎င်းတို့၏ EV အမျိုးအစားများသည် ကိုယ်ပိုင်နည်းစနစ်များဖြင့် အထင်ကြီးစရာကောင်းနေသော်လည်း Rivian ကားများနှင့်ယှဉ်ပါက နည်းပညာနှင့်ဖွံ့ဖြိုးတိုးတက်မှုတွင် ရိုးရှင်းလျက်ရှိနေသည်။ ဤဖက်စပ်လုပ်ဆောင်မှုသည် တစ်စိတ်တစ်ပိုင်းအဖြစ် တီထွင်ထုတ်လုပ်ထားသောနည်းပညာမှ အကျိုးအမြတ်ရရှိသည့် ပထမဆုံးမော်တော်ယာဉ်များသည် (၁၀)စုနှစ်ကုန်ပိုင်းအထိ ဈေးကွက်သို့ဝင်‌ရောက်နိုင်ဖွယ်ရှိသည်။

       Rivian ၏ တည်ထောင်သူနှင့်အမှုဆောင်အရာရှိချုပ် RJ Scaringe သည် ဘဏ္ဍာရေးနှင့် ယာဉ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ (၂)ခုလုံးမှ သ‌ဘောတူညီချက်အသစ်နှင့်ပတ်သက်၍ အကောင်းမြင်ကြောင်း၊ ဤပူးပေါင်းဆောင်ရွက်မှုသည် Volkswagen Group ၏ ကမ္ဘာလုံးဆိုင်ရာ လက်လှမ်းမီမှုမှတစ်ဆင့် Software နှင့် Design များကို ပိုမိုကျယ်ပြန့်သောဈေးကွက်သို့ ယူဆောင်လာရန် မျှော်လင့်ရုံသာမက ဤပူးပေါင်းဆောင်ရွက်မှုသည်  ကြီးမားသောတိုးတက်မှုအတွက် အရင်းအနှီးလိုအပ်ချက်များပြည့်စုံစေမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

       ကန်ဒေါ်လာ ၁ဘီလီယံ ကနဦးရင်းနှီးမြှုပ်နှံမှုအား ယခုနှစ်ကုန်တွင် စတင်မည်ဖြစ်ပြီး ဖက်စပ်လုပ်ငန်းအား ၂၀၂၅ခုနှစ်၊ စတုတ္ထလပတ်တွင် အပြီးသတ်နိုင်မည်ဟုမျှော်လင့်ထားကြသည်။ နောက်ထပ်ဒေါ်လာ ၄ဘီလီယံရင်းနှီးမြှုပ်နှံမှုအား ၂၀၂၅ခုနှစ်နှင့် ၂၀၂၆ခုနှစ်တွင် တစ်နှစ်လျှင် ၂ဘီလီယံနှုန်းဖြင့် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည်။

      ဤရင်းနှီးမြှုပ်နှံမှုသည် အနာဂတ် EV ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသောပြောင်းလဲမှုတစ်ခုဖြစ်လာနိုင်သည်။ ထို့ပြင် ၎င်းသည် Rivian ကုမ္ပဏီအတွက် နောက်ဆုံးပေါ်မျိုးဆက်သစ်ကားများ ထုတ်လုပ်နိုင်ရန် လမ်းကြောင်းတစ်ခုဖွင့်လှစ်ပေးနိုင်ပြီး Volkswagen ကုမ္ပဏီအတွက် ဝယ်ယူသုံးစွဲသူများထံသို့ EV ကားများအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်စေမည်ဖြစ်သည်။

Source: roadandtrack

DOCA(ရန်ကုန်)