စားသုံးသူရေးရာဦးစီးဌာန မှ စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရန်ဟူသော မျှော်မှန်းချက်နှင့်အညီ စားသုံးသူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များအား လုံခြုံစိတ်ချရစေရန်နှင့် စားသုံးသူအကျိုးစီးပွားကာကွယ်ရန်အတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် ငွေကြေးပိုင်းဆိုင်ရာများတွင် ထိခိုက်နစ်နာမှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ မတ်လ(၁၁)ရက်နေ့၊ နံနက်(၁၀:၃၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တိုင်း/ခရိုင် ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ဒုတိယခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုး ဦးဆောင်၍ ပခုက္ကူမြို့နယ် တာဝန်ခံ ဦးဇော်မင်းဦး၊ စားသုံးတာဝန်ခံ ဒေါ်နွယ်နွယ်အေးတို့ပါဝင်သောအဖွဲ့သည် ၂၀၂၂ခုနှစ် မတ်လ (၁၅)ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပခုက္ကူမြို့ပေါ်ရှိ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသောဆိုင်များသို့ သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။
ဒုတိယခရိုင်ဦးစီးမှူးမှ အသိပညာပေးဆွေးနွေးရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ မြန်မာနိုင်ငံတွင် ၂၀၁၅ခုနှစ်မှစ၍ "ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့"အား နှစ်စဉ်ကျင်းပလျက်ရှိရာ ၂၀၂၂ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့က "ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့" ဆောင်ပုဒ်အဖြစ် "ညီညွတ်မျှတ ဒစ်ဂျစ်တယ်ငွေကြေးကဏ္ဍ"ဟု သတ်မှတ်ထုတ်ပြန်ထားသည်နှင့်အညီ ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အချက်အလက်များမှာ (က) စားသုံးသူများ၏ဘဏ်အကောင့် အချက်အလက်များ Debit / Credit Card၊ ဘဏ်ကဒ်နံပါတ်များနှင့် ဒီဂျစ်တယ်ငွေလွှဲဝန်ဆောင်မှုလုပ်ငန်း များ၏ ငွေလွှဲအချက်အလက်များဖြစ်သော လုပ်ငန်းစဉ်နံပါတ်၊ လျှို့ဝှက်နံပါတ်၊ OTP နှင့် PIN တို့ကို မည်သူတစ်ဦးတစ်ယောက်ကိုမှ မျှဝေခြင်းမပြုရန် (ခ)စားသုံးသူများအနေဖြင့် ငွေလွှဲသည့်အခါ လျှို့ဝှက်နံပါတ်(၆)လုံးကို ခန့်မှန်းရလွယ်ကူသည့်နံပါတ်များ အသုံးမပြုစေရေး တိုက်တွန်းပြောဆိုရန် (ဂ) လုပ်ငန်းစဉ်နံပါတ်၊ လျှို့ဝှက်နံပါတ် OTP နှင့် PIN တို့ကို လိမ်လည်သူများက အသုံးချနိုင်သည့်အတွက် လူမှုကွန်ယက်များပေါ်တွင် အသိပေးတင်ပြခြင်းမပြုရန် (ဃ)Digital စနစ်ဖြင့် အသုံးပြုသောဘဏ်လုပ်ငန်းနှင့် ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတို့၏ Call Centerနှင့် အပြာရောင်အမှန်ခြစ် Blue Mark ရရှိထားသည့် Facebook Page တို့တွင်သာ မိမိသိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းရန် (င)ဘဏ်လုပ်ငန်း(သို့) ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတို့၏ ဝန်ထမ်းအဖြစ် ဟန်ဆောင်၍ အခြားဖုန်းနံပါတ်များဖြင့်ခေါ်ဆိုလာပါက ကိုယ်ရေးအချက်အလက်များ၊ ငွေလွှဲအချက်အလက်များကို အသိပေးပြောကြားခြင်းမပြုရန်စသည့်အချက်များအား အသေးစိတ်ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ စားသုံးသူရေးရာဌာနခွဲတာဝန်ခံမှ ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ငွေကြေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်များမှလည်း မိမိတို့ဆိုင်သို့ စားသုံးသူများမှ လာရောက်ငွေကြေးဝန်ဆောင်မှုရယူသည့်အခါ မိမိတို့ ဆွေးနွေးခဲ့သည့်အကြောင်းအရာများအား ပြန်လည်မျှဝေပေးမှသာ စားသုံးသူများအနေဖြင့် နစ်နာဆုံးရှုံးမှုများ လျော့ပါးနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများစိတ်ကျေနပ်မှုရရှိ၍ စားသုံးသူကာကွယ်ရေး လုပ်ငန်းများအောင်မြင်စေရန်အတွက် မိမိတို့ဌာနဆိုင်ရာဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စားသုံးသူများဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှသာရရှိနိုင်မည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေး ခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)