Main menu

ဗီယက်နမ်ဝန်ကြီးချုပ် မလေးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးနှင့်တွေ့ဆုံ

Powered by Drupal

      ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် Pham Minh Chinh က မလေးရှားနိုင်ငံသည် ဗီယက်နမ်နိုင်ငံ ၏ အဓိကကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု မိတ်ဖက်နိုင်ငံဖြစ်ကြောင်း မလေးရှားနိုင်ငံ ရင်းနှီး မြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန Zafrul Abdul Aziz နှင့် ဟနွိုင်းမြို့တွင် ဇူလိုင်လ (၈)ရက်နေ့က တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။

    Zafrul သည် (၄)ကြိမ်မြောက် ဗီယက်နမ်-မလေးရှား ပူးတွဲကုန်သွယ်ရေးကော်မတီ၏ အစည်းအဝေးအားတက်ရောက်ရန် ဟနွိုင်းမြို့သို့ အလုပ်သဘော အလည်အပတ်ခရီး ရောက်ရှိ ခြင်းဖြစ်ကြောင်း သိရပါသည်။ လတ်တလောတွင် မလေးရှားသည် အာဆီယံတွင် ဗီယက်နမ်နိုင်ငံ၏ တတိယအကြီးမားဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပြီး တစ်ကမ္ဘာလုံးတွင် (၁၀)နိုင်ငံ မြောက်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် မလေးရှားသည် အာဆီယံတွင် ဗီယက်နမ်နိုင်ငံ၌ တတိယမြောက် အကြီးမားဆုံး အာဆီယံရင်းနှီးမြှုပ်နှံသူဖြစ်ကြောင်း သိရပါသည်။

      ဝန်ကြီးချုပ် Chinh က ဗီယက်နမ်သည် မလေးရှားစီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီံးမြှုပ်နှံသူများနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် အမြဲကြိုဆိုတိုက်တွန်းကြောင်းနှင့် ဗီယက်နမ်သည် မလေးရှားအပါအဝင် ပြည်ပရင်းနှီးမြှုပ်နှံသူအတွက် ၎င်းတို့၏ တရားဝင်ရပိုင်ခွင့်များ၊ အကျိုးစီးပွားများ၊ မျှတသည့်ဆက်ဆံမှု ရရှိစေရေးနှင့် သင့်လျော်သောအခြေအနေများဖန်တီးခြင်းတို့အတွက် အာမခံကြောင်း ပြောကြားခဲ့ပါသည်။ ရည်မှန်းချက်ဖြစ်သည့် လာမည့်နှစ်များအတွင်း နှစ်နိုင်ငံကုန်သွယ်မှု ၂၀ ဘီလီယံရောက်ရှိစေရေးအတွက် ဝန်ကြီးချုပ် Chinh က နှစ်နိုင်ငံစလုံးအနေဖြင့် အားကောင်းသည့်ဆက်ဆံရေးကို ထိန်းထားရန်၊ စီးပွားရေး/ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တို့တွင်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကို ဟန့်တားမည့်အတားအဆီးများကို ဖြေရှင်းထိုးဖောက်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာတန်ဖိုးနှင့် ထောက်ပံ့မှုကွင်းဆက်ကို ပူးပေါင်းရန် အကြံပြုခဲ့ကြောင်း သိရပါသည်။

       ထို့ပြင် ဝန်ကြီးချုပ်က ဗီယက်နမ်ကုန်ပစ္စည်းများ အထူးသဖြင့် ပြုပြင်ထားသော လယ်ယာထွက်ကုန်များ၊ ပင်လယ်စာနှင့် အစားအသောက်ထုတ်ကုန်များကို မလေးရှားဈေးကွက်သို့ ဝင်ရောက်ရာတွင် လွယ်ကူချောမွေ့စေရန်၊ ဟာလာအစားအသောက်နယ်ပယ် ဖွံ့ဖြိုးတိုးတက်စေ‌ရေး ကူညီရန်ကမ်းလှမ်းခဲ့ပြီး ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း၊ အစိမ်းရောင်ကူးပြောင်း ခြင်း၊ သန့်ရှင်းသောစွမ်းအင်နှင့် လေစွမ်းအင်တင်ပို့မှု စသည့်နယ်ပယ်များတွင် မလေးရှားရင်းနှီးမြှုပ်နှံမှုများကို တိုက်တွန်းအားပေးခဲ့ပါသည်။

      ပူးပေါင်းဆောင်ရွက်မှုရှေ့ဆက်မြှင့်တင်ရေးအတွက် ဝန်ကြီးချုပ်ကပေါ်ထွက်လာသည့် ကဏ္ဍများတွင် အတွေ့အကြုံမျှဝေရန်၊ လုပ်ထုံးလုပ်နည်းနှင့်မူဝါဒများ ပူတွဲတည်ထောင်ရန်၊ အုပ်ချုပ်မှုစွမ်းဆောင်ရည်တိုးတက်စေရန်၊ နည်းပညာလွှဲပြောင်းရန်နှင့် အရည်အသွေးရှိသော လူသားအရင်းအမြစ်များ လေ့ကျင့်သင်ကြားပေးရန် ကမ်းလှမ်းခဲ့ပါသည်။ ဝန်ကြီး Zafrul က ယခု အကြိမ်သည် ၎င်း၏ဒုတိယအကြိမ်မြောက် ဗီယက်နမ်အလည်အပတ်ခရီးဖြစ်ကြောင်းနှင့် များစွာသော မလေးရှားလုပ်ငန်းများပါဝင်သော ကျယ်ပြန့်သည့်လုပ်ငန်းစဉ်များကို ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ဝန်ကြီးက ယခုနှစ်တွင် နှစ်နိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံရောက်ရှိနိုင်သည်ဟု ခန့်မှန်းခဲ့ကြောင်း  သိရပါသည်။ ထို့ပြင် မလေးရှားဝန်ကြီးက ဗီယက်နမ်ဝန်ကြီးချုပ် အသားပေးပြောကြားခဲ့သည့် ဟာလာအစားအသောက်နယ်ပယ်၊ ဒစ်ဂျစ်တယ်ကူးပြောင်းခြင်း၊ အစိမ်းရောင်ကူးပြောင်းခြင်း၊ လေစွမ်းအင်၊  AI နည်းပညာနှင့် ဆန်းသစ်တီထွင်ခြင်းတို့တွင် ပိုမိုအဆင့်မြင့်သော နှစ်ဦးနှစ်ဖက်စီးပွားရေး၊ ကုန်သွယ်‌ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းရေးတို့တွင် ၎င်း၏ခိုင်မာသည့်ဆန္ဒရှိမှုကို ဖော်ပြခဲ့ကြောင်း သိရသည်။

Source: Vietnam Plus

DOCA(ရန်ကုန်)