Main menu

ဖိလစ်ပိုင်နိုင်ငံသည် စားနပ်ရိက္ခာဖူလုံရေးအတွက် ဗီယက်နမ်နှင့် ဆန်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ကြိုးပမ်း

Powered by Drupal

     ဖိလစ်ပိုင်နိုင်ငံသည် ၎င်း၏စားနပ်ရိက္ခာဖူလုံမှုကိုသေချာစေရန် ဗီယက်နမ်နိုင်ငံနှင့် ဆန်ပူးပေါင်း‌ဆောင်ရွက်မှုကို မြှင့်တင်လိုကြောင်း ဖိလစ်ပိုင်နိုင်ငံ၏ စိုက်ပျိုးရေးဝန်ကြီး Francisco Tiu Laurel က ဗီယက်နမ်နိုင်ငံသို့ လွန်ခဲ့သောသီတင်းပတ်က လာရောက်လည်ပတ်စဉ် ပြောကြားခဲ့သည်။

     စိုက်ပျိုးရေးဝန်ကြီး Francisco Tiu Laurel သည် အရှေ့တောင်အာရှနိုင်ငံများ၏ အဓိက ဆန်စပါးထွက်ရှိရာဒေသများထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် ဗီယက်နမ်မြစ်ဝကျွန်းပေါ်ဒေသ An Giang သို့ သွားရောက်ခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကော်မတီက ဇူလိုင်လ ၈ ရက်နေ့က ပြောကြားခဲ့သည်။

     ဗီယက်နမ်နိုင်ငံသည် ကမ္ဘာ့တတိယဆန်အတင်ပို့ဆုံးနိုင်ငံဖြစ်ပြီး ဖိလစ်ပိုင်သည် မကြာသေးမီနှစ်များအတွင်း ဗီယက်နမ်နိုင်ငံမှ ဆန်ဝယ်ယူတင်သွင်းမှုအများဆုံးနိုင်ငံ ဖြစ်သည်။

      ဖိလစ်ပိုင်သို့ ဗီယက်နမ်၏ ဆန်တင်ပို့မှုသည် ယခုနှစ်ပထမ(၅)လအတွင်း စုစုပေါင်းဆန် တင်ပို့မှု၏ ၄၅.၄ ရာခိုင်နှုန်းဖြစ်သည်။

      ဖိလစ်ပိုင်နိုင်ငံ၏ လူဦးရေသည် နှစ်စဉ် ၁.၅ ရာခိုင်နှုန်းဖြင့် တိုးလာသည်ဖြစ်ရာ ဆန်ဝယ်လိုအားကို မြင့်တက်လာစေပြီး ပြည်တွင်းဆန်ထောက်ပံ့မှုများမှာလည်း မလိုက်လျော နိုင်သောကြောင့် ဆန်တင်သွင်းမှုများကိုမြှင့်တင်ရန်လိုအပ်ကြောင်း၊ ဗီယက်နမ်ဆန်ကုမ္ပဏီများ အား ဖိလစ်ပိုင်တွင် ရင်းနှီးမြှုပ်နှံရန်စဉ်းစားစေလိုကြောင်း Laurel မှ ပြောကြားခဲ့သည်။

     ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr သည် ဗီယက်နမ်နိုင်ငံသို့ ဇန်နဝါရီလတွင် လာရောက်ခဲ့သည့်ခရီးစဉ်အတွင်း ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့သည် ဆန်ကုန်သွယ်မှုနှင့် စိုက်ပျိုး မွေးမြူရေးဆိုင်ရာ သဘောတူညီချက်များအား လက်မှတ်ရေးထိုးခဲ့ကြသည်။

     ငွေကြေးဖောင်းပွမှုဆိုင်ရာဖိအားများအား စီမံခန့်ခွဲနိုင်ရန်အတွက် ဖိလစ်ပိုင်နိုင်ငံသည် မကြာသေးမီကာလက ၎င်း၏ ဆန်အကောက်ခွန်များကို ၃၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ လျှော့ ချခဲ့သည်။

Source: usnews

DOCA(ရန်ကုန်)