Main menu

ဂျာမန်ကားထုတ်လုပ်မှုလုပ်ငန်းများမှ တရုတ်နိုင်ငံလုပ်ကားများအပေါ် အခွန်လျော့ချရန် EU ကို တိုက်တွန်း

Powered by Drupal

      ဂျာမနီနိုင်ငံ၏ VDA မော်တော်ကားအသင်းသည် ကြာသပတေး‌နေ့(ဇူလိုင်လ ၁ ရက်နေ့) မတိုင်မီ ညှိနှိုင်းမှုများအပေါ် ဩဇာလွှမ်းမိုးရန် တရုတ်လျှပ်စစ်ကားများအား အကောက်ခွန်များကို လျှော့ချပေးရန် ဥရောပကော်မရှင်အား တိုက်တွန်းထားသည်။

      အဆိုပါ စည်းကြပ်ခွန်များသည် တရုတ်နိုင်ငံအတွင်းမှ တင်ပို့သည့် ဥရောပနှင့် အမေရိကန်ကားထုတ်လုပ်သူများကိုပါ ထိခိုက်စေနိုင်မည်ဖြစ်ပြီး တရုတ်ကတန်ပြန် အကောက်ခွန်ဖြင့် လက်တုန့်ပြန်မည့်အန္တရာယ်ရှိနိုင်ကြောင်းနှင့် တရုတ်နိုင်ငံသို့ ကားတင်ပို့မှုပမာဏ မြင့်မားလာခြင်းကြောင့် ဂျာမန်စက်မှုလုပ်ငန်းများကိုပါ ပြင်းထန်စွာထိခိုက်လာနိုင် မည်ဖြစ်ကြောင်း အဆိုပါ အသင်းမှ ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သည်။

     ဂျာမနီမှ တရုတ်နိုင်ငံသို့ ခရီးသည်တင်ကားတင်ပို့မှုတန်ဖိုးသည် ယမန်နှစ်ကတရုတ်နိုင်ငံ မှ တင်သွင်းမှုတန်ဖိုးထက် (၃)ဆကျော်ရှိပြီး ကားအစိတ်အပိုင်းများတင်သွင်းသူများ၏ ပို့ကုန်တန်ဖိုးမှာ သွင်းကုန်တန်ဖိုးထက် (၄)ဆရှိကြောင်း သိရသည်။

     ကော်မရှင်သည် ဥရောပ၏ EV စက်မှုလုပ်ငန်းအတွက် အရေးပါသောကုန်ကြမ်း ပစ္စည်းများကို လက်လှမ်းမီနိုင်စေရန် အာရုံစိုက်သင့်ကြောင်း၊ ကုန်သွယ်ရေးမူဝါဒတွင် ပွင့်လင်း မြင်သာမှုကို ဖန်တီးပေးသင့်ကြောင်း VDA မှ ပြောကြားခဲ့သည်။

    တရုတ်နှင့်ဥ‌ရောပကော်မရှင်သည် ပြီးခဲ့သည့် သီတင်းပတ်တည်းက ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဘေဂျင်းက ဖျက်သိမ်းလိုသောကန့်သတ်ချက်များ၊ တရားမျှတမှုမရှိသော ထောက်ပံ့မှုများအပေါ် စွပ်စွဲမှုများကို ပယ်ချရန်ညှိနှိုင်းခဲ့သည်။

    တရုတ်ကားထုတ်လုပ်သူများဘက်မှလည်း အခွန်စည်းကြပ်မှုအပေါ် လက်တုန့်ပြန်သည့် အနေဖြင့် တရုတ်နိုင်ငံအတွင်းသို့ တင်သွင်းလာသော ဓာတ်ဆီသုံးကားများကို အခွန်တိုးမြှင့် ကောက်ခံရန် အစိုးရအားတိုက်တွန်းခဲ့သည်ဟု နိုင်ငံပိုင် Global Times သတင်းစာက ဇွန်လ ၁၉ ရက်နေ့တွင် ဖော်ပြခဲ့သည်။ ထိုသို့တုန့်ပြန်ရန် တံခါးပိတ်အစည်းအဝေးကို SAIC၊ BYD၊ BMW၊ Volkswagen နှင့် ၎င်း၏ Porsche ဌာနခွဲအပါအဝင် သက်ဆိုင်ရာကုမ္ပဏီများမှ တက်ရောက်ခဲ့ကြသည်ဟု အဆိုပါကိစ္စနှင့်ပတ်သက်၍ တိုက်ရိုက်သိရှိထားသူနှစ်ဦးထံမှ သိရှိရသည်။

      ဂျာမနီသည် လက်ရှိအချိန်အထိ အင်ဂျင် ၂.၅ လီတာနှင့်အထက်ရှိသော မော်တော်ကားများအား တရုတ်နိုင်ငံအတွင်းသို့ အများဆုံးတင်ပို့သောနိုင်ငံဖြစ်ပြီး ယခုနှစ်အစပိုင်းမှစတင်၍ တရုတ် နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံခန့် တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း တရုတ်အကောက်ခွန် အချက်အလက်များအရ သိရသည်။

      ဗုဒ္ဓဟူးနေ့ကထုတ်ပြန်ခဲ့သော Ifo စစ်တမ်းအရ ဂျာမန်စီးပွားရေးပညာရှင်များသည် အကောက်ခွန်အပေါ် ပိုင်းခြားရှုမြင်နေကြပြီး ၎င်းတို့မှ သုံးပုံတစ်ပုံသည် ကုန်သွယ်ရေးစစ်ပွဲကို ကြောက်သောကြောင့် တရုတ်၏ထောက်ပံ့ကြေးများကို တန်ပြန်ရန် သင့်လျော်သောခြေလှမ်းဟု ယူဆကြသော်လည်း အခြားသုံးပုံတစ်ပုံမှာ ကုန်သွယ်ရေးစစ်ပွဲကို ကြောက်ရွံ့သောကြောင့် အခွန် စည်းကြပ်မှုကို လုံးဝမနှစ်သက်ကြောင်း စစ်တမ်းအရ တွေ့ရှိခဲ့သည်။

Source: Channelnewsasia

DOCA(ရန်ကုန်)