Main menu

ပခုက္ကူမြို့၊ အမှတ်(၄)အခြေခံပညာမူလတန်းလွန်ကျောင်း၌ စားသုံးသူကာကွယ်‌ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသ ကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့်  ဦးစီးမှူး ဦးမြတ်မင်း၊ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်သန်းနှင့် ဒေါ်လှိုင်ဥမ္မာဦးတို့သည်  (၉.၇.၂၀၂၄)ရက်နေ့၊ နံနက် (၀၉း၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၄) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူ (၁၅၆)ဦး၊ ဆရာ၊ ဆရာမ(၁၀)ဦး၊ စုစုပေါင်း(၁၆၆)ဦးတို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

    အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဦးစီးမှူး ဦးမြတ်မင်းက အသိပညာပေးဆွေးနွေးရာတွင် ဌာန၏သမိုင်းကြောင်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှယခုလက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အကြောင်းအရာများ၊ ဥပဒေပါရည်ရွယ်ချက်များ၊ စားသုံးသူအခွင့်ရေးနှင့်တာဝန်များ၊  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူနိုင်သည့် အကြောင်းအရာများအား အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

     ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်သန်းက စားသုံးသူ ကုန်စည်၊ ဝန်ဆောင်မှု၊ စီးပွားရေးလုပ်ငန်းရှင်တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ရှင်းလင်းဆွေးနွေးပြီး၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း (၁၈)ပုဒ်မ(၄၁၊ ၄၂)ပါ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်းသည့် အကြောင်းအရာများ စားသုံးသူ ပြည်သူများ ကုန်စည်များကို ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်စည် များကို ဝယ်ယူစားသုံးသင့်သည့်အချက်များနှင့် ကုန်စည်တွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ နှင့်အခြားဘာသာတစ်ခုနှင့် သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြထားသော ကုန်စည်ကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲရန်နှင့် စားသုံးသူများ ဝယ်ယူသုံးစွဲရာတွင် အမှန်တကယ်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက ပြန်လည်ကုစားခွင့်များရရှိရန် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(CICC)ရုံး ဖွင့်လှစ်ထားရှိကြောင်း၊ အငြင်းပွားမှုများဖြစ်ပေါ်လာပါက စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်အကြား စေ့စပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

     ဒုတိယဦးစီးမှူး ဒေါ်လှိုင်ဥမ္မာဦးကဆွေးနွေးရာတွင် ကုန်စည်များဝယ်ယူသုံးစွဲရာ၌ သတိပြုရမည့်အချက်များ စားသုံးသူများ ထိခိုက်နစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ တိုင်ကြားမည့်သူများ တိုင်ကြားနိုင်ရန်နှင့် စားသုံးသူကိစ္စများ တိုင်ကြားမေးမြန်းဆွေးနွေးရန်အတွက် မည်သူမဆို၊ မည့်သည့်ဖုန်းနံပါတ်နှင့်မဆို ခေါ်ဆို၍ ဆွေးနွေးဆောင်ရွက်နိုင်ကြောင်း၊ အကျယ်တစ်ဝင့်ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ များအား ရှင်းလင်းဆွေးနွေးခဲ့သည့် အကြောင်းအရာများထဲမှ အမေးအဖြေများပြုလုပ်၍ ပြန်လည်ဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပေးခဲ့ပြီး ဆရာ၊ ဆရာမနှင့်ကျောင်းသား၊ ကျောင်းသူများအား  စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)