![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/231_4.jpg?itok=k90U40Gr)
သရက်သီးအမှည့်များပေါ်ချိန်တွင် လူအများသည် သရက်သီးအမှည့်ကိုတန်ဖိုးကြီးပေး၍ ဝယ်ယူစားသုံးကြပါသည်။ နောက်ပိုင်းတွင် သရက်သီးအမှည့်များ လှိုင်လှိုင်ထွက်ပေါ်ချိန်တွင် သရက်သီးအမှည့်ကို စားသုံးရန်ပိုလျှံသွားသည့်အတွက် စွန့်ပစ်ရမည့်အစား တန်ဖိုးမြှင့်ထုတ်ကုန်သရက်ပြင်ပြုလုပ်၍ ရောင်းချကြပါသည်။ သရက်ပြင်ပြုလုပ်၍ရောင်းချရာတွင် သရက်သီးအမျိုးပေါင်း ၁၉၀ရှိသည့်အနက် အများဆုံးပြုလုပ်သော သရက်သီးမျိုးများမှာ စိန်တလုံး၊ ရင်ကွဲသရက်၊ မြကျောက်သရက်နှင့်ရွှေဟင်္သာသရက်သီးမျိုးများကိုပြုလုပ်ကြပါသည်။ သရက်ပြင်ပြုလုပ်ရာတွင် သရက်သီးအမှည့်ကို အနှစ်ရအောင်ပြုလုပ်၍ အိုးထဲတွင်ထည့်၍ကျိုရပါသည်။ ကျိုပြီးသားသရက်သီးအနှစ်များအား ဆီသုတ်ထားသောဗန်းများ၊ အခင်းအပြားများပေါ်တွင်ဖြန့်၍ (၂)ရက်မှ (၃)ရက်အထိနေလှန်းရပါသည်။ ထိုနောက် အသင့်စားသုံးရန် သရက်ပြင်များရရှိလာပါသည်။ ထိုသရက်ပြင်များကို ပြည်မြို့ရှိဈေးကွက်များသို့ ပန်းတောင်းနှင့် ပေါက်ခေါင်းဘက်မှလာရောက်ရောင်းချကြသလို ပြည်မြို့အနီးအနားရှိကျေးရွာများမှလည်း လာရောက်ရောင်းချကြပါသည်။ ၂၀၂၄ခုနှစ် ဇူလိုင်လဒုတိယအပတ်တွင် ရောင်းချသော သရက်ပြင်ဈေးများမှာ တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်ဖြင့်ရောင်းချကြောင်း သိရှိရပါသည်။
သရက်သီးကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် သရက်ပြင်ကိုထုတ်လုပ်၍ရောင်းချသဖြင့် ရာသီစာဖြစ်၍ လူအကြိုက်များပြီး ရောင်းချသူများအနေဖြင့်လည်း သရက်သီးအမှည့်ကို ကြာရှည်စွာထားလျှင်ပုပ်လာမည်ဖြစ်၍ ကြာရှည်စွာအထားခံစေရန်အတွက် သရက်ပြင်ပြုလုပ်၍ ရောင်းချသဖြင့် ဝင်ငွေလည်းရရှိလာမည်ဖြစ်ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)