Main menu

ပဲခူးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးမှ ဆီလုပ်ငန်းရှင်များနှင့် အစည်းအဝေးကျင်းပ

Powered by Drupal

           ပဲခူးတိုင်းဒေသကြီးအတွင်း စားသုံးဆီစျေးနှုန်း အဆမတန် ကြီးမြင့်မှုမှ လျော့ချနိုင်ရေးအတွက် ရည်ရွယ်ပြီး ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊   စီးပွားရေးရာဝန်ကြီး  နှင့်   ပဲခူးခရိုင်အတွင်းရှိ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဆီလုပ်ငန်းရှင်များ  တွေ့ဆုံပွဲကို  (၇.၃.၂၀၂၂) ရက်နေ့ ၊  ညနေ  (၁၆ : ၀၀) နာရီတွင် ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ  ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးသို့ ဆီလုပ်ငန်းရှင် (၈)ဦး တက်ရောက်ခဲ့ပါသည်။

        အဆိုပါဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စီးပွားရေးရာဝန်ကြီးက လတ်တလော ကြုံတွေ့နေရသော စားသုံးဆီစျေးနှုန်း ကြီးမြင့်မှုများ၊ ဒေသခံပြည်သူများအား သက်သာသော နှုန်းထား များဖြင့် ဖြန့်ဖြူးနိုင်ရေးအတွက် လိုအပ်သော အစီအမံများကို ပေါင်းစပ်ညှိနှိုင်းပေးရန် ရည်ရွယ်၍ တွေ့ဆုံပွဲအား ကျင်းပရခြင်းဖြစ်ကြောင်း ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးရေးလုပ်ငန်း ကြီးကြပ်ကော်မတီက ထုတ်ပြန်ကြေငြာထားသော ရည်ညွှန်းစျေး ဖြင့်သာ ဆီလုပ်ငန်းရှင်များမှ ရောင်းချကြရန်၊   ဆီလုပ်ငန်းရှင်များမှ ဒေသခံပြည်သူများအား ဖြန့်ဖြူးရာတွင် တွေ့ကြုံလာနိုင်သည့်အခက်အခဲများနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် အခြေအနေများကို အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။

             ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူးက   စားသုံးသူပြည်သူများ သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူရရှိရေးအတွက် ပြည်ပမှ တင်သွင်းသော ကုမ္ပဏီများ ဖြစ်သည့် Gren Unity Co.,Ltd နှင့် Ayeyar Hinthar Co.,Ltd  တို့မှ စားသုံးဆီ တိုက်ရိုက် ဝယ်ယူရရှိနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ ချိတ်ဆက်ဆောင်ရွက်ထားကြောင်း၊  ပဲခူးခရိုင် စားအုန်းဆီ ပိဿာချိန် (၅၅၀၀၀) ၊ တောင်ငူခရိုင် ပိဿာချိန် (၃၃၀၀၀) ၊ ပြည်ခရိုင် ပိဿာချိန် (၂၂၀၀၀) ၊ သာယာဝတီခရိုင် စားအုန်းဆီပိဿာချိန် (၂၂၀၀၀) ၊စုစုပေါင်း ပိဿာချိန် (၁၃၂၀၀၀) ဝယ်ယူနိုင်ရေး အတွက် ညှိနှိုင်းဆောင်ရွက်ထားကြောင်း ၊ စားသုံးဆီထုတ်ယူပြီးပါက စားသုံးသူပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို အချိန်နှင့်တပြေးညီ ရောင်းချပေးရန် ဆွေးနွေး ပြောကြားခဲ့ပါသည်။

              ထို့နောက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးက ပြောင်းလဲဖြစ်ပေါ်လာသော နိုင်ငံရေးအခြေအနေများ ၊ လုံခြုံမှု ၊ တရားဥပဒေချိုးဖောက်မှုများ ကြုံတွေ့နေရကြောင်း ၊ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ၊ စီးပွားရေးနှင့် ပတ်သက်၍ ဝန်ထုပ်ဝန်ပိုးအခက်အခဲများကို နည်းလမ်းတကျ လျှော့ချနိုင်ရေးအတွက်  သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း၍     ဖြေရှင်းဆောင်ရွက်ပေးမည်    ဖြစ်ပါကြောင်းကို    အကျယ်တဝင့်ဆွေးနွေးပြောကြားခဲ့၍ အစည်းအဝေး ကို (၁၇ : ၁၅ )နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)