မလေးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန (MITI) က မလေးရှားနိုင်ငံသည် အမေရိကန်ဒေါ်လာ ၇၁၇သန်းတန်ဖိုးရှိသည့်ပို့ကုန်များကို ဗီယက်နမ်နိုင်ငံသို့တင်ပို့ရန် အလားအလာရှိနေကြောင်း ဇူလိုင်လ ၁၁ရက်နေ့က ကြေညာခဲ့ပါသည်။ ကြေညာချက်သည် MITI ဝန်ကြီး Utama Zafrul Tengku Abdul ၏ ဗီယက်နမ်နိုင်ငံသို့ ဇူလိုင်လ ၈ရက်နေ့မှ ၁၀ရက်နေ့အထိ သွားရောက်ခဲ့သည့်ခရီးစဉ်နောက်တွင် ထွက်ပေါ်လာခြင်းဖြစ်ကြောင်းသိရပါသည်။ MITI က ဗီယက်နမ်ကုမ္ပဏီ ၁၄ခုမှာ လျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းများ၊ စားအုန်းဆီ၊ ဓာတုပစ္စည်းများ၊ ရေနံဓာတုပစ္စည်းများ၊ သံနှင့်စတီးလ်၊ အစားအသောက်၊ အဖျော်ယမကာနှင့် စားသုံးကုန်ပစ္စည်းများပါဝင်သည့် မလေးရှားထုတ်ကုန်များးကိုတင်သွင်းရန် အခိုင်အမာကတိပြုခဲ့သည်ဟု ပြောကြားခဲ့ကြောင်းသိရပါသည်။ အဆိုပါကတိပြုမှုသည် ဗီယက်နမ်လုပ်ငန်းများနှင့် မလေးရှားဝန်ကြီးတို့၏ ဆွေးနွေးပွဲများအပြီးတွင် ထွက်ပေါ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။
ဝန်ကြီး Zafrul က မလေးရှားနိုင်ငံသည် အမေရိကန်ဒေါ်လာ ၇၁၇သန်းတန်ဖိုးရှိပမာဏကို ဗီယက်နမ်နိုင်ငံသို့တင်ပို့ရန် အလားအလာရှိကြောင်းနှင့် MITI သည် ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ကိုပံ့ပိုးရန်နှင့် ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရန် ကတိပြုမှုကိုအာမခံကြောင်းပြောကြားခဲ့ပါသည်။ ထို့ပြင် ဝန်ကြီးက ခရီးစဉ်၏ရလဒ်များသည် နှစ်နိုင်ငံအကြား စီးပွားရေးချည်နှောင်မှုအရှိန်အဟုန်ကြီးထွားမှုနှင့် ၎င်းတို့၏ စီးပွားရေးအသိုင်းအဝန်းအတွက် နှစ်ဦးနှစ်ဖက်အကျိုးရှိသော အခွင့်အလမ်းများရရှိမည်ဟု ပြောကြားခဲ့ကြောင်းသိရပါသည်။ MITI ၏ ဇူလိုင်လ(၁)ရက်နေ့ထုတ်ပြန်ချက်အရ ဝန်ကြီး၏ဗီယက်နမ်ခရီးစဉ်အတွင်း Zafrul သည် ဗီယက်နမ်နိုင်ငံ၏ ဝန်ကြီးချုပ်၊ စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီး၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးတို့နှင့် အစည်းအဝေးများပြုလုပ်ခဲ့ကြောင်းသိရပါသည်။ ထို့ပြင် Zafrul နှင့် ဗီယက်နမ်စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးသည် ဇူလိုင်လ(၉) ရက်နေ့က ဟနွိုင်းမြို့တွင် စတုတ္ထအကြိမ်မြောက် မလေးရှား-ဗီယက်နမ် ပူးတွဲကုန်သွယ်ရေး ကော်မတီအစည်းအဝေးကို ပူးတွဲသဘာပတိအဖြစ် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည်။ လွန်ခဲ့သည့်နှစ်တွင် ဗီယက်နမ်သည် မလေးရှား၏ (၁၁)နိုင်ငံမြောက် အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး မလေးရှားသည် ဗီယက်နမ်၏ (၁၀)နိုင်ငံမြောက် အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ခဲ့ ကာ နှစ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးမှာ စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၇.၃၈ဘီလီယံရှိကြောင်း သိရပါသည်။ ဗီယက်နမ်သည် မလေးရှားနိုင်ငံအတွက် အထူးသဖြင့် အိမ်၊ ခြံ၊ မြေ၊ ငွေကြေးဝန်ဆောင်မှုနှင့် ကုန်ထုတ်လုပ်မှုတို့တွင် အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုနေရာဖြစ်ကြောင်းသိရပါသည်။ ၂၀၂၃ခုနှစ်တွင် မလေးရှားနိုင်ငံသည် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၃.၁ဘီလီယံတန်ဖိုးရှိသည့် စီမံကိန်း ၇၁၇ခုကို မှတ်ပုံတင်နိုင်ခဲ့ကြောင်းသိရပါသည်။
Source: Vietnam Plus
DOCA(ရန်ကုန်)