ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်၏ ပထမနှစ်ဝက်တွင် ဆန်တန်ချိန် ၃၃၈၆၅၄တန်တင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၂.၇ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံဆန်စပါးအသင်းချုပ် (CRF) ၏ ပြောကြားချက်အရသိရပါသည်။ ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၄၇သန်းဝင်ငွေရရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၇.၈ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ကမ္ဘောဒီးယားသည် ဆန်ကို နိုင်ငံပေါင်း ၆၃နိုင်ငံသို့ ဇန်နဝါရီလမှ ဇွန်လအတွင်း တင်ပို့ခဲ့ခြင်းဖြစ်ပါသည်။ ဆန်တန်ချိန် ၁၅၆၇၈၉တန်ကို ဥရောပသမဂ္ဂရှိ နိုင်ငံပေါင်း ၂၆နိုင်ငံသို့တင်ပို့ခဲ့ပြီး ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁၂၁သန်း၊ တန်ချိန် ၇၅၃၉၈တန်ကို တရုတ်သို့တင်ပို့ခဲ့ကြောင်း၊ ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၄၇သန်းရရှိခဲ့ကြောင်းသိရပါသည်။ အာဆီယံသို့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၅၁သန်းတန်ဖိုးရှိသည့် ဆန်တန်ချိန် ၇၄၅၅၄တန်ဖြစ်ကြောင်းသိရပါသည်။ တင်ပို့ခဲ့သည့် ဆန်အမျိုးအစားများမှာ ဆန်မွှေး၊ ဆန်ဖြူ၊ ပေါင်းဆန်နှင့် အော်ဂဲနစ်ဆန်တို့ဖြစ်ကြောင်းသိရပါသည်။ CRF ၏ ဥက္ကဋ္ဌ Song Sarn က ဈေးကွက်လိုအပ်ချက်နှင့်ပြည့်မီရန် ပိုမိုကောင်းမွန်သော အရည်အသွေးရှိသည့် မျိုးစေ့များဖြင့် စိုက်ပျိုးသည့်နည်းစနစ်ကြောင့် အထွက်နှုန်းတိုးတက်ခဲ့ခြင်းက ဆန်တင်ပို့မှုမြင့်တက်စေခဲ့သည်ဟုယူဆကြောင်းနှင့် အစားအစာဖူလုံရေးစနစ်အားကောင်းရန်နှင့် ဈေးကွက်စံနှုန်းကိုက်ညီရန်အတွက် နည်းပညာ၊ ထုတ်လုပ်မှုအဆင့်ဆင့်နှင့် ထုပ်ပိုးမှုပုံစံတို့တွင် ပိုမိုရင်းနှီးမြှုပ်နှံရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။ ထို့ပြင် ကမ္ဘောဒီးယားသည် အဆိုပါကာလအတွင်း အိမ်နီးချင်းနိုင်ငံများသို့ အခွံမချွတ်ရသေးသည့် စပါးတန်ချိန် ၂.၅သန်းတင်ပို့ခဲ့ခြင်းမှ အမေရိကန်ဒေါ်လာ ၇၂၇သန်းရရှိခဲ့ကြောင်းသိရပါသည်။ CRF သည် ၂၀၂၅ခုနှစ်တွင် ဆန်တန်ချိန် ၁သန်းတင်ပို့ရန် ရည်မှန်းချက်ထားရှိကြောင်းသိရပါသည်။ ပြည်တွင်းဈေးကွက်ကိုထောက်ပံ့အပြီးတွင် ကမ္ဘောဒီးယားသည် စပါးတန်ချိန် ၆.၅သန်းပိုလျှံနေသည့်အတွက် ပြည်ပသို့ ပိုမိုတင်ပို့နိုင်စွမ်းရှိနေသေးကြောင်းသိရပါသည်။
Source: Khmer Times
DOCA(ရန်ကုန်)