Main menu

ပခုက္ကူဈေးကွက်သို့ ရာသီပေါ်နဂါးမောက်သီးများ စတင်ဝင်ရောက်လျက်ရှိ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် နဂါးမောက်သီးများ စိုက်ပျိုးထွက်ရှိမှုနည်း၍ အခြားမြို့နယ်များမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး နဂါးမောက်သီးကို မန္တလေး တိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းနှင့် ပုပ္ပါးနယ်များတွင် အဓိကစိုက်ပျိုးမှုများ၍ အများဆုံးဝင်ရောက်လျက်ရှိပါသည်။ နဂါးမောက်သီးအရသာမှာ ထူးခြားပြီး ကျန်းမာရေးအတွက် အကျိုးပြုကြောင်း သိရှိလာသည်နှင့်အမျှ စိုက်ပျိုးစားသုံးမှုမှာလည်း ပိုမိုမြင့်တက်လာကြောင်း သိရှိရပါသည်။ နဂါးမောက်သီးတွင် အဖြူသီးနှင့် အနီသီးရှိရာတွင် အနီသီးမှာ ပိုမိုဆေးဖက်ဝင်ကြောင်းသိရှိရသည်။

     ဈေးကွက်အနေဖြင့် ယခုနဂါးမောက်သီးပေါ်စ ၂၀၂၄ခုနှစ်၊ ဇူလိုင်လဆန်းတွင် သီးနှံအရည်အသွေးနှင့် အရွယ်အစားလိုက်၍ ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်(၄၀၀၀ မှ ၂၀၀၀)ထိရှိပြီး တစ်လုံး လျှင် ကျပ်(၁၀၀၀ မှ ၃၀၀) ထိ ဈေးဖြင့် ရောင်းဝယ်လျက်ဖြစ်လျက်ရှိကြောင်း၊ ယခင်နှစ် သီးနှံပေါ်ချိန်တွင် ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်(၃၀၀၀ မှ ၂၀၀၀)ထိရှိပြီး ယခုနှစ်တွင်  နဂါးမောက်သီး တစ်ပိဿာလျှင် ကျပ်(၁၀၀၀)ခန့် ဈေးတက်၍ အရောင်းအဝယ်ဖြစ်ကြောင်း သီးနှံဈေးကွက်မှ သိရှိရပါသည်။

      နဂါးမောက်သီးကို နာတာရှည်ရောဂါခံစားနေရသူများ၊ အသားအရေစိုပြေလှပလိုသူများ၊ နှလုံး၊ သွေးတိုး၊ ဆီးချိုရောဂါနှင့် အစာအိမ်အူလမ်းကြောင်း ပြဿနာရှိသူများ၊ ရွေးချယ်စားသုံးသင့်သည့် အသီးအနှံတစ်မျိုးဖြစ်၍ ဝယ်ယူစားသုံးမှုများလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)