မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ၁၅-၇-၂၀၂၄ ရက်နေ့တွင် ဘီးလင်းမြို့နယ်အတွက် ခွဲတမ်းရရှိသောစားအုန်းဆီများကို ဖြန့်ဖြူးရောင်းချမှုနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စားအုန်းဆီကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် မြို့နယ်ရဲမှူးနှင့် ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စားအုန်းဆီလက်ကားကုန်သည်တို့တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။
မြို့နယ်အတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချရေး၊ စားသုံးသူများလက်ဝယ်သို့ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းနှင့် အလေးချိန်ပြည့်မီအောင်ရောင်းချရေးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ဆွေးနွေးခဲ့ကြပြီး ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက မြို့နယ်စားအုန်းဆီခွဲတမ်းအား တာဝန်ယူရောင်းချဖြန့်ဖြူးသည့် စားအုန်းဆီကုန်သည်အား စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း အလေးချိန်ပြည့်မီစွာရောင်းချပေးရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကစားရန်အလို့ငှာ စားအုန်းဆီများအား လက်ဝယ်သိုလှောင်မှုမရှိစေရေးနှင့် အဆိုပါအချက်များအား ဖောက်ဖျက်ကျူးလွန်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ (၅) အရ ထိုက်သင့်သောပြစ်ဒဏ်များဖြင့် အပြစ်ပေးအရေးယူခံရမည်ဖြစ်ကြောင်း ရှင်းလင်းအသိပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မွန်)