မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်သို့ ဆောင်းသီးနှံမြေပဲတောင့်နှင့် မြေပဲဆံများ လှိုင်လှိုင်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပခုက္ကူခရိုင်၊ ဆောမြို့နယ် အတွင်းရှိ ကျေးရွာများတွင် မြေပဲသီးနှံများ တူးဖော်၍ ပခုက္ကူဈေးကွက်သို့ မြေပဲတောင့်အဆံ(နီ)နှင့် မြေပဲတောင့်အဆံ(ဖြူ)များ တစ်ရက်လျှင် ကုန်ချိန်ပိဿာ (၁)သောင်း၊ တစ်ပတ်အတွင်း ပိဿာ (၉)သောင်းခန့် ဝင်ရောက်ကြောင်း၊ မြေပဲဆံများကို ယောနယ်ဒေသနှင့် မြိုင်နယ်အတွင်းရှိ ကျေးရွာများမှ အများဆုံးဝင်ရောက်ပြီး တစ်ရက်လျှင် ပိဿာ(၃၀)ဝင်ဆံ့အိတ် (၁၅၀-၂၀၀)ဝင်ရောက်ကြောင်း၊ မြေပဲတောင့်များကို မြို့ပေါ်ရှိ လုပ်ငန်းရှင်များမှ ဝယ်ယူသိုလှောင်ထားရှိပြီး မြေပဲဆံများကို ဆီစက်လုပ်ငန်းရှင်နှင့် ဆားလှော်လုပ်ငန်းရှင်များမှ ဝယ်ယူမှုများကြောင်း သိရှိရသည်။
မြေပဲဈေးကွက်အနေဖြင့် ဇူလိုင်လ(ဒုတိယပတ်)တွင် မြေပဲဈေးမြင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ မြေပဲဆံ(နီ)လုံးဆံတစ်ပိဿာလျှင် ကျပ်(၇၈၀၀-၇၇၀၀)၊ ရိုးရိုးလုံးဆံ တစ်ပိဿာလျှင် ကျပ်(၇၅၀၀-၇၃၀၀)၊ ဆီဆန်တစ်ပိဿာလျှင် ကျပ်(၇၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပြီး မြေပဲလုံးဆံ(ဖြူ)တစ်ပိဿာလျှင် ကျပ်(၇၉၀၀-၇၈၀၀)၊ ဆီဆံတစ်ပိဿာလျှင် ကျပ် (၇၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ဇွန်လ(ဒုတိယပတ်)တွင် မြေပဲလုံးဆံ(နီ) တစ်ပိဿာလျှင် ကျပ်(၇၅၀၀-၇၄၀၀)၊ ရိုးရိုးလုံးဆံတစ်ပိဿာလျှင် ကျပ်(၇၂၀၀-၇၀၀၀)၊ ဆီဆံ တစ်ပိဿာလျှင် ကျပ်(၆၈၀၀)၊ မြေပဲလုံးဆံ(ဖြူ)တစ်ပိဿာလျှင် ကျပ်(၇၆၀၀-၇၄၀၀)၊ ဆီဆံ တစ်ပိဿာလျှင် ကျပ်(၆၉၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ တစ်လအတွင်း မြေပဲဆံ တစ်ပိဿာလျှင် ကျပ်(၃၀၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မြေပဲတောင့် တစ်ပိဿာလျှင် မြေပဲအောင်မြင်မှု အရည်အသွေးပေါ်မူတည်၍ ကျပ်(၄၅၀၀-၄၃၀၀-၃၈၀၀)၊ တစ်တင်းလျှင် ကျပ်(၃၆၀၀၀-၃၄၄၀၀-၃၀၄၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ မြေပဲများ ဝင်သလောက် အရောင်းအဝယ်ဖြစ်ကြောင်း မြို့ပေါ်ရှိ ဆီထွက်သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရသည်။
DOCA(မကွေး)