စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများပါဝင်သည့် စစ်ဆေးရေးအဖွဲ့များသည် ၁၄-၇-၂၀၂၄ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ်ရှိ စားသုံးဆီရောင်းချနေသော ဆိုင်(၁၀)ဆိုင်သို့သွားရောက်၍ သတ်မှတ်ချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စားသုံးဆီရောင်းချသည့်ဆိုင်ရှင်များအား စားသုံးဆီအမျိုးမျိုးကိုရောင်းချရာ၌ သိရှိလိုက်နာရန်အတွက် ဟင်းသီးဟင်းရွက်ဆီများကို (Blended Oil) အဖြစ်ရောစပ်ရာတွင် အမျိုးအစားနှစ်မျိုးသာရောစပ်ရမည်။ ရောစပ်ရာတွင် ဟင်းသီးဟင်းရွက်ဆီတစ်မျိုးသည် အနည်းဆုံး ၄၀ရာခိုင်နှုန်းဖြစ်ရမည်ဖြစ်ကြောင်း၊ မည်သည့်အနံ့မှထည့်သွင်းခြင်းမပြုရ။ တိရစ္ဆာန်အဆီနှင့် ဝါစေ့ဆီကြမ်းတို့ကို ရောနှောဆီအဖြစ် အသုံးမပြုရ စသည့်အချက်များကိုလိုက်နာရမည်ဖြစ်ကြောင်း ရောနှောဆီကိုရောင်းချမည်ဆိုပါက မြေပဲရောနှောဆီ (သို့မဟုတ်) စားအုန်း မြေပဲရောနှောဆီဟုဖော်ပြစာပါရှိရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့သည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးဆီရောင်းချသောလုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်ခံရမည်ဖြစ်ပြီး၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်နိုင်သည့်အကြောင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ဥပဒေအရလည်း အရေးယူဆောင်ရွက်ခံရနိုင်သည့်အကြောင်း စသည်တို့ကိုအသိပညာပေးပြောကြားခဲ့ပြီးနောက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)