ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်အတွင်း စားသုံးဆီဈေးနှုန်းတည်ငြိမ်ရေး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၏ ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချမှုရှိ/ မရှိကို ညောင်တုန်းမြို့ပေါ် ဆီရောင်းချသည့် ဆိုင်(၁၀)ဆိုင်အား (၁၅-၇-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ၌ ညောင်တုန်းမြို့နယ်၊ ဈေးကွက်အတွင်း ရောင်းချနေသောကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ စားသုံးဆီအမျိုးမျိုးရောင်းချရာတွင် လုပ်ငန်းရှင်များသိရှိလိုက်နာရန် ဟင်းသီးဟင်းရွက်ဆီများကို (Blended Oil) အဖြစ်ရောစပ်ရာတွင် အမျိုးအစားနှစ်မျိုးသာရောစပ်ရမည်။ ရောစပ်ရာတွင် ဟင်းသီးဟင်းရွက်ဆီတစ်မျိုးသည် အနည်းဆုံး ၄၀ရာခိုင်နှုန်းဖြစ်ရမည်ဖြစ်ကြောင်း၊ မည်သည့်အနံ့မှထည့်သွင်းခြင်းမပြုရ။ တိရစ္ဆာန်အဆီနှင့် ဝါစေ့ဆီကြမ်းတို့ကို ရောနှောဆီအဖြစ်အသုံးမပြုရ စသည့်အချက်များကိုလိုက်နာရမည်ဖြစ်ကြောင်း ရောနှောဆီကိုရောင်းချမည်ဆိုပါက မြေပဲရောနှော ဆီ(သို့မဟုတ်) စားအုန်းမြေပဲ ရောနှောဆီ ဟုဖော်ပြစာပါရှိရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့သည်။
၎င်းနောက် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးဆီရောင်းချသောလုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများတွေ့ရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသော အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်နိုင်သည့်အကြောင်း စသည်တို့ကိုအသိပညာပေးပြောကြားခဲ့ပြီး၊ ညောင်တုန်းမြို့ပေါ်ရှိ ဆီအရောင်းဆိုင်များမှာ သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
DOCA(ဧရာဝတီ)