မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား (၁၆-၇-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ဆန်ကုန်သည်ကြီးများအသင်းတို့ပူးပေါင်း၍ ဆန်များထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ချောက်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်းများရှိ လူနေအိမ်များနှင့် လမ်းများအတွင်း ရေကြီးနစ်မြှုပ်မှုများဖြစ်ပေါ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်များကြောင့် ဒုက္ခကြုံတွေ့နေရသော ပြည်သူများ၏ လတ်တလောစားဝတ်နေရေးအဆင်ပြေမှုရှိစေရေးအတွက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ဆန်ကုန်သည်ကြီးများအသင်းတို့ပူးပေါင်း၍ အိမ်ထောင်စု(၁)စုလျှင် ဆန် (၃)ပြည်နှုန်းဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရုံးဝန်းအတွင်းသို့ ယာယီပြောင်းရွှေရောက်ရှိနေသော ရေဘေးသင့်အိမ်ထောင်စု(၁၁)စု၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။ အလားတူ ဇူလိုင်လ (၁၅)ရက်နေ့၊ နံနက်ပိုင်းတွင်လည်း အမှတ်(၇)ရပ်ကွက်ရှိ ကုန်တင်ကုန်ချအလုပ်သမားရုံးမှ ကုန်ထမ်းလုပ်သားများနှင့် မြို့နယ်အားကစားကွင်း၊ မိုးလုံလေလုံခမ်းမရှိ ရေဘေးရှောင်ပြည်သူများအား အိမ်ထောင်စု (၁)စုလျှင် ဆန်(၂)ပြည်နှုန်းဖြင့် (၂၄)ပြည်ပါ ဆန်အိတ် (၉)အိတ်၊ (၂၁၆)ပြည်ကိုလည်း သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ထို့နောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမြဖောင်းတို့က ရေဝင်နစ်မြုပ်လျက်ရှိသော အိမ်ထောင်စုများသို့ လှေဖြင့်သွားရောက်ကာ ရေဘေးအန္တရာယ်ကျရောက်နေစဉ်နှင့် ကျရောက်ပြီးပါက ဆောင်ရန်/ရှောင်ရန်များပါသည့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)