Main menu

နိုင်ငံတစ်ဝန်း၌ ဆန်ဈေးနှုန်းများကို ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဌာန စောင့်ကြည့်ကြပ်မတ်

Powered by Drupal

     ဖိလစ်ပိုင်နိုင်ငံတွင် ဆန်တင်သွင်းမှု အကောက်ခွန်နှုန်းထားများ လျှော့ချပေးခြင်းမှ ဆန်ရောင်းလိုအားကွင်းဆက်အပေါ် သက်ရောက်မှုများကို လေ့လာဆန်းစစ်ရန်အတွက် နိုင်ငံတစ်ဝန်း ၌ ဆန်ဈေးနှုန်းများအား ကုန်သွယ်ရေးနှင့်စက်မှုဌာန (DTI) နှင့် စိုက်ပျိုးရေးဌာန (DA) တို့ ပူးပေါင်း၍ စောင့်ကြည့်ကြပ်မတ်မှု လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

    ဖိလစ်ပိုင်အစိုးရက ထုတ်ပြန်ခဲ့သည့် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် အမှတ် ၆၂ အရ ဖိလစ်ပိုင်နိုင်ငံသို့ တင်သွင်းသည့် ဆန်နှင့် အခြားလယ်ယာထွက်ကုန်များအပေါ် အကောက်ခွန် ၃၅ ရာခိုင်နှုန်း စည်းကြပ်မှုအား ၁၅ ရာခိုင်နှုန်းသို့ လျှော့ချကောက်ခံခြင်းသည် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့မှ စတင်သက်ရောက်မှုရှိမည်ဖြစ်သည်။ ထိုသို့ အခွန်နှုန်းထားလျှော့ချမှုကြောင့် တင်သွင်း သူများမှ လက်လီရောင်းချသူများထံသို့ ရောက်ရှိသည်အထိ ဆန်ရောင်းလိုအား ကွင်းဆက်တစ်ခု လုံးအပေါ် သက်ရောက်ထိခိုက်နိုင်မည့် အလားအလာများကို လျော့ကျစေရန်အတွက် ဈေးကွက် စောင့်ကြည့်ကြပ်မှုများကို လုပ်ဆောင်မည်ဖြစ်ကြောင်း ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဌာန၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

   ဆန်အား ဖိလစ်ပိုင်နိုင်ငံသားတို့၏ အဓိကစားသုံးကုန်အဖြစ် အသိအမှတ်ပြုမှုနှင့်အတူ DTI အနေဖြင့် ဆန်ဈေးနှုန်းများ တက်ကျပြောင်းလဲမှုကို လေ့လာဆန်းစစ်လျက် တင်းကျပ်စွာ စောင့် ကြည့်ကြပ်မတ်မည်ဖြစ်ကြောင်း၊ ဆန်ရောင်းလိုအားတည်ငြိမ်မှု၊ ဖြန့်ဖြူးမှုနှင့် ဈေးနှုန်းတွက်ချက်မှုများအား သေချာမှုရှိစေရေး မူဝါဒချမှတ်သူများက ဆုံးဖြတ်နိုင်ရန်အတွက် ၎င်းအချက်အလက်များကို  အစီရင်ခံတင်ပြသွားမည်ဖြစ်ကြောင်းဖြင့် ကုန်သွယ်ရေး အတွင်းဝန် Alfredo Pascual က ပြောကြားခဲ့သည်။

    အဆိုပါ ဆန်ဈေးနှုန်း စောင့်ကြည့်ကြပ်မတ်မှု လုပ်ငန်းစဉ်သည် DTI ဌာန၏ စီရင်ဆုံးဖြတ် ပိုင်ခွင့်အတွင်း ကျရောက်လျက်ရှိသော စူပါမားကတ်များ၊ ဟိုက်ပါမားကတ်များနှင့် ကုန်စုံဆိုင်များကို လွှမ်းခြုံမှုရှိမည်ဖြစ်ကြောင်း၊ ဈေးများ၌ ရောင်းချမှုသည် DA ဌာန၏ စောင့်ကြည့်ကြပ်မတ်မှု အောက်တွင်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။

    ယခင်နှစ်တွင် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် ၃၉ ကို ထုတ်ပြန်လျက် ဆန်ဈေးနှုန်း အမြင့်ဆုံးသတ်မှတ်ချက်ကို ဖယ်ရှားပေးခဲ့ပြီးနောက် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၄၂ အရ DA ဌာနက အလားတူဆောင်ရွက်ခဲ့သော ဈေးကွက်စောင့်ကြည့်ကြပ်မှု လုပ်ငန်းစဉ်တွင် DTI ဌာနက ကူညီပံ့ပိုးမှုပြုခဲ့သည်။ ၂၀၂၃ ခုနှစ်၌ ဆန်ဈေးနှုန်းများ ကြီးမြင့်လာ သည့်အပေါ် ပုံမှန်စက်ကြိတ်အဆင့်ဆန်နှင့် ကောင်းစွာကြိတ်ခွဲထားသောအဆင့်ရှိသည့်ဆန်များ ရောင်းချရာတွင် အမြင့်ဆုံးဈေးနှုန်း သတ်မှတ်ချက်များကို ဖိလစ်ပိုင်အစိုးရက ထုတ်ပြန်ထားခဲ့ခြင်း ဖြစ်သည်။

    ဈေးနှုန်းချယ်လှယ်ကြိုးကိုင်သူများနှင့် ဖောက်ဖျက်ကျူးလွန်သူများအား ထိန်းသိမ်းနိုင်ရေးအတွက် ဥပဒေပြုလွှတ်တော်အမတ်များ၏ မရပ်မနား အားထုတ်ကြိုးပမ်းမှုအပေါ် DTI ဌာန အနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ ၎င်းတို့၏ လုပ်ကိုင်ဆောင်ရွက်မှုများသည် DTI ဌာနက ချမှတ်ဖော်ဆောင်လျက်ရှိသော  စီးပွားရေးလုပ်ငန်းများအကြား မျှတစွာယှဉ်ပြိုင်မှုကို အားပေးမြှင့်တင်ရေးနှင့် စားသုံးသူများအား စောင့်ရှောက်မှုနှင့် စွမ်းဆောင်ရည်တို့ကို မြှင့်တင်ရေး ရည်မှန်းချက်များနှင့် တစ်ထပ်တည်း ကိုက်ညီမှုရှိကြောင်း ကုန်သွယ်ရေးအတွင်းဝန် Pascual က ပြောကြားခဲ့သည်။

Source: The Philippine Star, 14 Jul 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)