Main menu

ကုလားပဲအဖြူအား သိုလှောင်ခွင့်ကန့်သတ်ချက် ချမှတ်ခြင်းမှ အိန္ဒိယအစိုးရ ကင်းလွတ်ခွင့်ပြု

Powered by Drupal

    အိန္ဒိယနိုင်ငံတွင် Kabuli Chana ခေါ် ကုလားပဲအဖြူမျိုး အပါအဝင် ပဲစင်းငုံနှင့်ကုလားပဲတို့ အား ကုန်သည်လုပ်ငန်းရှင်များ၏ လက်ဝယ်၌ အများဆုံးသိုလှောင်ထားနိုင်မည့် ပမာဏ ကန့်သတ် ချက်များ ချမှတ်ထားရာမှ ၁၁-၇-၂၀၂၄ နေ့တွင် အစိုးရက ပြန်တမ်းထုတ်ပြန်လျက်  Kabuli Chana ကုလားပဲအဖြူကို အဆိုပါ ကန့်သတ်ချက်မှ ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။

   အိန္ဒိယအစိုးရအနေဖြင့် စားသုံးသူများ၏ ကုန်စည်ဝယ်ယူနိုင်စွမ်းကို ကောင်းမွန်စေရန်နှင့် သိုလှောင်ဈေးကစားမှုများကို ကာကွယ်တားဆီးနိုင်ရန်အတွက် လက်ကားကုန်သည်များ၊ လက်လီ ရောင်းချသူများ၊ အကြီးစား လက်လီအရောင်းကွင်းဆက်လုပ်ကိုင်သူများ၊ ပြုပြင်ကြိတ်ခွဲသူများနှင့် သွင်းကုန်လုပ်ငန်းရှင်များ လက်ဝယ်၌ အဆိုပါ ပဲမျိုးများအား အများဆုံး သိုလှောင်ထားရှိနိုင်မည့် ပမာဏကို ၂၁-၆-၂၀၂၄ နေ့တွင် အမိန့်ထုတ်ပြန်လျက် ၃၀-၉-၂၀၂၄ နေ့အထိ ကန့်သတ်ထားခဲ့ခြင်း ဖြစ်သည်။ 

   ကုန်သည်လုပ်ငန်းရှင်များ၏တောင်းဆိုချက်အရ ဖြေလျှော့ပေးခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ လုပ်ဆောင်ချက်သည် ကုလားပဲမျိုးများအနက် ထင်ရှားကျော်ကြားသည့် Kabuli Chana အား ပြည်ပဈေးကွက်များသို့ တင်ပို့မှုအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း ကုန်သည်အသိုင်း အဝိုင်းက ပြောဆိုကြသည်။ Kabuli ကုလားပဲမျိုးအား ပြည်ပသို့တင်ပို့လျက်ရှိသဖြင့် သိုလှောင်နိုင် ခွင့်ကန့်သတ်ချက်မှ ကင်းလွတ်ခွင့်ပြုရန် အိန္ဒိယ ပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်း (IPGA) က အစိုးရထံ တောင်းဆိုထားခဲ့သည်။

     IPGA အသင်း၏ ဥက္ကဋ္ဌ Bimal Kothari က Kabuli ကုလားပဲသည် အိန္ဒိယ၏ ထူးကဲသော အရည်အသွေးရှိသည့် ပဲတစ်မျိုးဖြစ်ကြောင်း၊ Desi Chana ဟုခေါ်ဆိုသော ကုလားပဲအညိုမျိုးထက် ဈေးနှုန်းပိုမိုမြင့်မားပြီး ပြည်ပသို့တင်ပို့ရန် စိုက်ပျိုးထုတ်လုပ်ခြင်းဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် Kabuli ကုလားပဲကို သိုလှောင်နိုင်ခွင့် ကန့်သတ်ချက်မှ ကင်းလွတ်ခွင့်ပြုရန် အစိုးရထံ တောင်းဆိုခဲ့ကြောင်း၊ အလေးထားရမည့်ကိစ္စရပ် အစစ်အမှန်ဖြစ်၍ အစိုးရက ဖြေလျှော့မှုပြုခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းပဲမျိုးသည် အဓိကအားဖြင့် ပြည်ပတင်ပို့ရန်ဖြစ်သဖြင့် ယခုကဲ့သို့ လုပ်ဆောင်ချက်သည် ပြည်တွင်းဈေးကွက်အပေါ် မည်သို့မျှ ထိခိုက်သက်ရောက်မှုမရှိနိုင်ကြောင်း ပြောဆိုခဲ့သည်။

   အိန္ဒိယနိုင်ငံသည် Kabuli ကုလားပဲ အဖြူမျိုးကို ဥရောပ၊ တူရကီနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့အပြင် အခြားနိုင်ငံများသို့လည်း တင်ပို့လျက်ရှိသည်။ လက်ရှိ ဘဏ္ဍာနှစ်တွင် ဧပြီ လနှင့် မေလအတွင်း Kabuli ကုလားပဲ တန်ချိန် ၃၉၆၃၄ တန်ကို တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် ကာလတူ ၌ တင်ပို့ခဲ့သည့် ၄၄၉၇၇ တန်နှင့် နှိုင်းယှဉ်ပါက လျော့နည်းကျဆင်းခဲ့သည်။ ၂၀၂၂-၂၃ ခုနှစ်တွင် Kabuli ကုလားပဲ တင်ပို့မှု တန်ချိန် ၁.၂၁ သိန်းရှိခဲ့ပြီး ၂၀၂၃-၂၄ ဘဏ္ဍာနှစ်၌ တန်ချိန် ၉၉၁၅၈ တန် သို့ လျော့နည်းတင်ပို့နိုင်ခဲ့ကြောင်း သိရှိရသည်။

   အိန္ဒိယနိုင်ငံသည် Kabuli ကုလားပဲ အဖြူမျိုးကို ပြည်ပသို့ တင်ပို့သကဲ့သို့ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ဆူဒန်၊ ဩစတေးလျနှင့် မြန်မာကဲ့သို့သော နိုင်ငံများထံမှလည်း ၎င်းပဲမျိုးများကို ပြန်လည်တင်သွင်းမှုရှိကြောင်း The Hindu Business Line သတင်းဌာနက ဖော်ပြထားသည်။

Source: The Hindu Business Line, 14 Jul 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)