Main menu

အိန္ဒိယ၏ ဟင်းသီးဟင်းရွက်ဆီတင်သွင်းမှု ဇွန်လ၌ ၁၈% မြင့်တက်

Powered by Drupal

    အိန္ဒိယနိုင်ငံ၌ ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် စားအုန်းဆီကြမ်းနှင့် နေကြာဆီကြမ်း တင်သွင်းမှု ပိုများလာခြင်းကြောင့် စားသုံးနိုင်သောဆီနှင့် စားသုံးခြင်းမပြုနိုင်သောဆီများ ပါဝင်သည့် စုစုပေါင်း ဟင်းသီးဟင်းရွက်ဆီ တင်သွင်းမှုသည် ၁၈% ခန့် မြင့်တက်ခဲ့ပြီး တန်ချိန်အားဖြင့် ၁၅.၅ သိန်းခန့်ရှိကြောင်း၊ အိန္ဒိယဆီကြိတ်ခွဲထုတ်လုပ်သူများအသင်း (Solvent Extractors' Association of India-SEA) ၏ အချက်အလက်များအရ ဟင်းသီးဟင်းရွက်ဆီ တင်သွင်းမှုသည် ယခင်နှစ် ဇွန်လတင်သွင်းမှု တန်ချိန် ၁၃၁၄၄၇၆ နှင့် နှိုင်းယှဉ်ပါက ယခုနှစ်၊ ဇွန်လအတွင်း တန်ချိန် ၁၅၅၀၆၅၉ ရှိ ကြောင်း Economic Times သတင်းဌာနက ၁၁-၇-၂၀၂၄ ရက်နေ့တွင် ဖော်ပြပါသည်။

    ယခင် ၂၀၂၃ ခုနှစ်၊ ဇွန်လ၌ စားသုံးဆီတင်သွင်းမှုသည် တန်ချိန် ၁၃၁၁၅၇၆ ရှိရာမှ ယခုနှစ် ဇွန်လတွင် ၁၅၂၇၄၈၁ တန်သို့ တိုးမြင့်လာကြောင်း၊ စားသုံးခြင်းမပြုနိုင်သောဆီ တင်သွင်းမှုမှာ လည်း ယခင်နှစ် ဇွန်လတွင် တန်ချိန် ၂၃၀၀ ရှိရာမှ ယခုနှစ်ဇွန်လ၌ ၂၃၁၇၈ တန်သို့ မြင့်တက်ခဲ့ကြောင်း သိရပါသည်။

   အောက်တိုဘာလတွင် ကုန်ဆုံးမည့် ၂၀၂၃-၂၄ စားသုံးဆီ ရောင်းဝယ်ရေးနှစ်အတွင်း ပထမ ၈ လတာကာလ၌ ဟင်းသီးဟင်းရွက်ဆီတင်သွင်းမှုမှာ ယခင်နှစ်ကာလတူ တင်သွင်းမှု ၁၀၄၈၃၁၂၀ တန်နှင့် နှိုင်းယှဉ်ပါက ၂% လျော့ကျလျက် တန်ချိန် ၁၀၂၂၉၁၀၆ တန်သာရှိကြောင်း ဖော်ပြထားရှိ ပါသည်။

     SEA အသင်း၏ အချက်အလက်များအရ ၂၀၂၃-၂၄ ရောင်းဝယ်ရေးနှစ်အတွင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ် ဇွန်လအထိ သန့်စင်ပြီး စားသုံးဆီတင်သွင်းမှုသည် ၁၃၈၁၈၁၈ တန်ရှိပြီး ယခင်နှစ်ကာလတူ၌ ၁၄၀၃၅၈၁ တန် ရှိခဲ့သည့်အတွက် ၂% ခန့် တင်သွင်းမှုလျော့နည်းခဲ့ကြောင်း၊ စားသုံးဆီ တင်သွင်းမှုများအနက် စားအုန်းဆီကြမ်းတင်သွင်းမှုသည် ယခုနှစ်တွင် ၈၇၁၃၃၄၇ တန် တင်သွင်းထားသည့်အတွက် ယခင်နှစ်ကာလတူ တင်သွင်းမှု တန်ချိန် ၈၉၆၃၂၉၆ အပေါ် ၃% ခန့် ကျဆင်းခဲ့ကြောင်း၊ သန့်စင်ထားသေ စားအုန်းဆီများ (RBD Palm olein) နှင့် ဆီကြမ်းတို့သည် တင်သွင်းမှုဝေစု တူညီနေကြောင်း သိရှိရပါသည်။

   အိန္ဒိယနိုင်ငံ၏ စားအုန်းဆီ တင်သွင်းမှုသည် ယခင်နှစ် ကာလတူ၌ တန်ချိန် ၆၀၃၁၅၂၉ ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ် ဇွန်လအထိ ကာလအတွင်း ၅၇၆၃၃၆၇ တန်သို့ လျော့ ကျခဲ့ကြောင်း၊  ထို့အပြင် အဆင့်မြင့်စားသုံးဆီ (Soft Oil) တင်သွင်းမှုမှာ တန်ချိန် ၄၃၃၅၃၄၉ ရှိရာမှ တန်ချိန် ၄၃၃၁၇၉၉ သို့ ကျဆင်းခဲ့ကြောင်း၊ အိန္ဒိယသည် စားအုန်းဆီကို မလေးရှားနှင့် အင်ဒိုနီးရှားတို့မှ အဓိကတင်သွင်းပြီး ပဲပုပ်ဆီကို ဘရာဇီးနှင့် အာဂျင်တီးနားတို့မှ တင်သွင်းလျက်ရှိကြောင်း သတင်းရရှိပါသည်။

Source: Economic Times, 11 Jul 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)