ထိပ်တန်းဆန်တင်ပို့သည့် အိန္ဒိယနိုင်ငံမှ ကန့်သတ်ချက်များ ဖြေလျှော့မည့်အလားအလာကို ဈေးကွက်များမှ စောင့်ဆိုင်းနေသောကြောင့် ဗီယက်နမ်မှတင်ပို့သည့် ဆန်ဈေးနှုန်းများသည် တစ်နှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့ပြီး ဝယ်လိုအားနည်းပါးချိန်ဖြစ်သည့် ယခု အပတ်အတွင်း ထိုင်းဆန်ဈေးနှုန်းများလည်း ကျဆင်းခဲ့ကြောင်း သိရှိရသည်။
ဗီယက်နမ်နိုင်ငံမှ ဆန်ကွဲ ၅% ပါဝင်သည့် ဆန် (RI-VNBKN5-P1) သည် ၁၁-၇-၂၀၂၄ရက်၊ ကြာသပတေးနေ့တွင် မက်ထရစ်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၆၅ မှ ၅၇၀ အတွင်း ဈေးနှုန်း ဖြစ်ပေါ်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နောက်ပိုင်းမှစ၍ အနိမ့်ဆုံးဈေးနှုန်းဖြစ်ခဲ့ပြီး ယခင်အပတ်က ၅၇၅ ဒေါ်လာမှ ကျဆင်းခဲ့ကြောင်း ကုန်သည်များ၏ ပြောကြားချက်အရ သိရှိရသည်။
အိန္ဒိယနိုင်ငံအနေဖြင့် ဆန်တင်ပို့မှုများအပေါ် ကန့်သတ်ချက်များ ဖြေလျှော့ပေးမည်ဟု ဝယ်ယူသူများမှ မျှော်လင့်နေသောကြောင့် ဆန်အရောင်းအဝယ် အေးနေကြောင်း ဟိုချီမင်းမြို့ အခြေစိုက် ကုန်သည်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။ ဗီယက်နမ်၏ ဆန်တင်ပို့မှုအား ၂၀၂၄ ခုနှစ်၊ မေလနှင့်နှိုင်းယှဉ်ကြည့်ပါက ဇွန်လတွင် ၅၁၃၄၀၉ တန်သို့ ၄၀% ကျဆင်းခဲ့ကြောင်း အစိုးရ၏ တရားဝင်အကောက်ခွန် အချက်အလက်များတွင် ဖော်ပြထားသည်။ သို့သော်လည်း ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် ဆန်တင်ပို့မှုသည် ယခင်နှစ်ကထက် တန်ချိန် ၄.၅၅ သန်းအထိ ၇.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံ၏ ဆန်ကွဲ ၅% ပါဝင်သည့် ဆန် (RI-THBKN5-P1) သည် ယခင်ရက်သတ္တပတ်၌ တစ်တန်လျှင် ၅၈၅ အမေရိကန်ဒေါ်လာရှိရာမှ ၁၁-၇-၂၀၂၄ ရက်၊ ကြာသပတေးနေ့တွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၇၀ မှ ၅၇၅ အတွင်း ဈေးနှုန်းသို့ ကျဆင်းခဲ့ပြီး ဧပြီလဆန်း နောက်ပိုင်းတွင် အနိမ့်ဆုံးအဆင့်သို့ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဈေးကွက်သို့ ဆန်အသစ်များ ကောင်းစွာဝင်ရောက်မှုရှိနေခဲ့သော်လည်း ပမာဏကြီးမားသည့် ပို့ကုန်အမှာစာများ လက်ခံရရှိခြင်းမရှိကြောင်း ဘန်ကောက်အခြေစိုက် ကုန်သည်တစ်ဦးက ပြောဆိုသည်။ အခြားကုန်သည်တစ်ဦးကလည်း အထူးအမှာစာများမရှိကြောင်းနှင့် ဆန်ရောင်းချသူများသည် ပုံမှန်ဖောက်သည်များအပေါ် မှီခိုနေရကြောင်း ပြောကြားခဲ့သည်။ ဆန်အသစ်များမှာ ထွက်ပေါ်လျက်ရှိပြီး ပမာဏမည်ရွေ့မည်မျှ ထွက်ရှိမည်ဆိုသည်ကို ဩဂုတ်လတွင် ရှင်းလင်းစွာ သိရှိရမည်ဖြစ်ကြောင်း ကုန်သည်များက ပြောဆိုကြသည်။
အိန္ဒိယ၏ ဆန်ကွဲ ၅% ရာခိုင်နှုန်းပါဝင်သော သန့်စင်ပြီးဆန်အမျိုးအစား (RI-INBKN5-P1) သည် ကုန်စည်ပို့ဆောင်ခ မြင့်မားမှုနှင့် ရူပီးတန်ဖိုးကျဆင်းမှုကြောင့် ဝယ်လိုအားနှေးကွေးလျက် ယခင်ရက်သတ္တပတ်၌ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၄၁ မှ ၅၄၈ အကြား ဈေးနှုန်းရှိရာမှ ယခုအပတ်တွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၃၉ မှ ၅၄၅ အတွင်းသို့ ကျဆင်းခဲ့ကြောင်း သိရှိရသည်။
ယခင်ရက်သတ္တပတ်အနည်းငယ်၌ ဆန်ဝယ်လိုအားနည်းလျက်ရှိပြီး ဝယ်ယူသူများဘက်မှ မေလတွင် တက်ကြွစွာ ဝယ်ယူခဲ့ပြီးနောက် အဝယ်ရပ်ဆိုင်းထားကြောင်း အိန္ဒိယနိုင်ငံတောင်ပိုင်း Andhra Pradesh ပြည်နယ်၊ Kakinada ဒေသအခြေစိုက် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်မူ သာလွန်ကောင်းမွန်သော စပါးရိတ်သိမ်းမှုနှင့် လုံလောက်သော အရန်ဆန်များရှိနေသော်လည်း ပြည်တွင်းဆန်ဈေးနှုန်း မြင့်မားလျက်ရှိခြင်းက စားသုံးသူများ အတွက် စိုးရိမ်ပူပန်မှုများ ဖြစ်စေကြောင်း သိရှိရသည်။
Source: Bangkok Post, 12 July 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)