ဖိလစ်ပိုင်နိုင်ငံတွင် ဆန်စပါးထုတ်လုပ်မှုနှင့် ဆန်သိုလှောင်မှုလက်ကျန်ပမာဏ များပြားသော်လည်း နိုင်ငံတွင်း ဆန်စျေးနှုန်းကြီးမြင့်မှုနှင့် မကြာသေးမီက ထုတ်ပြန်လိုက်သည့် အစိုးရ၏ မူဝါဒဖြစ်သော သွင်းကုန်အခွန်ကို ၃၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ခြင်းတို့ကြောင့် ၂၀၂၄-၂၀၂၅ စျေးကွက်ဝင်နှစ်တွင် ဆန်တန်ချိန် ၄.၇ သန်းအထိ စံချိန်တင် တင်သွင်းနိုင်ဖွယ်ရှိ ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာနရှိ နိုင်ငံခြားစိုက်ပျိုးရေးဝန်ဆောင်မှု (FAS) ၏ အစီရင်ခံစာအရ သိရသည်။
လက်ရှိအချိန်တွင် ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာ့ဆန်အများဆုံး တင်သွင်းသည့်နိုင်ငံဖြစ်ပြီး စားသုံးမှုပမာဏအရ ထိပ်တန်းငါးနိုင်ငံတွင် နှစ်ရှည်ကြာ ရပ်တည်လျက်ရှိသည်။ ဖိလစ်ပိုင်နိုင်ငံ၏ ကြိတ်ခွဲပြီးဆန်ထုတ်လုပ်မှုသည် ယခင်နှစ်ထက် ပိုမိုလျက် တန်ချိန် ၁၂ ဒသမ ၇ သန်းသို့ ရောက်ရှိနိုင်ကြောင်း၊ အယ်လ်နီညိုရာသီဥတုပုံစံမှ ပြန်လည်ကောင်းမွန်လာခြင်းနှင့် အစိုးရ၏ လယ်ယာ သွင်းအားစုနှင့် စက်ယန္တရားများတွင် ရင်းနှီးမြှုပ်နှံမှုများက ဆန်စပါးအထွက် အနည်းငယ်လျော့ကျမှုကို ချေဖျက်လျက် ထိုသို့ ထုတ်လုပ်မှုတိုးတက်လာနိုင်ခြင်းဖြစ်သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံ၏ ဆန်စားသုံးမှုမှာ တန်ချိန် ၁၇.၂ သန်းအထိ စံချိန်တင်ခန့်မှန်းထားပြီး ဈေးနှုန်းဖောင်းပွမှုများ ရှိနေသော်လည်း ဆန်ဝယ်လိုအားသည် ခိုင်မာနေဆဲဖြစ်ကြောင်း FAS မှ မှတ်ချက်ပြုထားသည်။
အရန်ဆန်လက်ကျန်များကို ထိန်းသိမ်းထားရန် ကုန်သည်များအား အစိုးရက တိုက်တွန်းထားပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ကုန်တွင် ဆန်လက်ကျန်တန်ချိန် ၄.၂ သန်း စံချိန်တင် ရောက်ရှိရန် ခန့်မှန်းထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ အကောက်ခွန်နှုန်း လျော့ချပေးမှုအပြင် မိုးသီးနှံ ရိတ်သိမ်းမှုမှ ဈေးကွက်ဝင်ရောက်လာခြင်းကြောင့် ဆန်ဈေးလျှော့ရောင်းရန် လှုံ့ဆော်မှုများ ရှိလာနိုင်ကြောင်း FAS က ပြောကြားခဲ့သည်။ သို့သော် ကုန်သည်များသည် ဆန်လက်ကျန် များကို ထိန်းသိမ်းထားပြီး အထူးသဖြင့် မြင့်မားသောဈေးနှုန်းဖြင့် ဝယ်ထားရခြင်း ကြောင့် ပိုမိုသည့် အမြတ်အစွန်းများရရန် မျှော်လင့်နေကြကြောင်း ဖိလစ်ပိုင် ဆန်စပါးလုပ်ငန်း နယ်ပယ် သတင်းအရင်းအမြစ်များက ဖော်ပြထားကြသည်။
Source: World Grain, 12 July 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)