စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် အုတ်တွင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့်အတူ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၁၇)ရက်နေ့ မွန်းလွဲပိုင်းက အုတ်တွင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ အုတ်တွင်းမြို့ပေါ်ရှိ စားသုံးဆီဝယ်ယူရောင်းချခွင့်ရသည့် ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရောင်းချရေးကိုဆွေးနွေးခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရည်ညွှန်းဈေးဖြင့် စားသုံးဆီရောင်းချခွင့်ရရှိသည့် ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက စားသုံးဆီများကို သတ်မှတ်ဈေးနှုန်းများအတိုင်း စားသုံးသူပြည်သူများလက်ဝယ်သို့ ရောက်ရှိအောင်ရောင်းချပေးရန်၊ အချင်အတွယ်ပြည့်၍ သန့်ရှင်းသောဆီများဖြစ်စေရန်၊ ဈေးနှုန်းဖော်ပြထားသည့် ဆိုင်းဘုတ်ကပ်၍ အများမြင်သာအောင်ရောင်းချရန်၊ အိမ်နီးချင်းနိုင်ငံများမှ ဝင်ရောက်လာသော တရားမဝင်ဆီများရောင်းချခြင်းမပြုရန်တို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။
စားသုံးသူပြည်သူများ စားသုံးဆီများကို ဈေးနှုန်းမှန်ကန်စွာဝယ်ယူစားသုံးနိုင်ရေးအတွက် စားသုံးဆီ လက်လီ/လက်ကားအရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာနပါဝင်သော ပူးပေါင်းအဖွဲ့က ရှောင်တခင်ကွင်းဆင်းစစ်ဆေး၍ သတ်မှတ်နှုန်းထားထက် ကျော်လွန်ရောင်းချသည့်အရောင်းဆိုင်များအား အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်နိုင်သကဲ့သို့ စားသုံးဆီများကို အခြားကုန်စည်တစ်မျိုးမျိုးနှင့် မဝယ်မနေရတွဲဖက်ရောင်းချခြင်း၊ အရည်အသွေးနိမ့်ဆီများဖြင့် ရေနှောရောင်းချခြင်းများပြုလုပ်ပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်နိုင်ကြောင်းကိုလည်း အသိပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)