GAC Group ၏ လက်အောက်ခံကုမ္ပဏီဖြစ်သော တရုတ်လျှပ်စစ်ကားထုတ်လုပ်သည့် GAC Aion သည် ထိုင်းနိုင်ငံတွင် ပထမဆုံးစက်ရုံကိုဖွင့်လှစ်ခဲ့ပြီး လျင်မြန်စွာကြီးထွားလာသည့် လျှပ်စစ်ကားဈေးကွက်အတွက် ဒေသအတွင်း အဓိကတင်ပို့ရာနှင့်တပ်ဆင်ရာ အချက်အခြာနေရာအဖြစ် အသုံးပြုသွားမည်ဟုသိရပါသည်။ GAC Group ၏ဥက္ကဋ္ဌ Zeng Qinghong က ၎င်းတို့သည် ထိုင်းနိုင်ငံ၏ လျှပ်စစ်ကားထုတ်လုပ်မှုကိုပံ့ပိုးပေးသွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံကို အရှေ့တောင်အာရှ၏ လျှပ်စစ်ကားစက်မှုလုပ်ငန်းဗဟိုချက်အဖြစ် မြှင့်တင်သွားမည်ဟုပြောကြားခဲ့ပါသည်။ စက်ရုံကို ဘန်ကောက်မြို့အရှေ့ဘက် ၁၁၂မိုင်အကွာရှိ Rayong စီရင်စုရှိ စက်မှုဇုန်တွင် တည်ဆောက်ထားကြောင်းသိရပါသည်။ ထိုင်းနိုင်ငံသည် ဆယ်စုနှစ်များစွာတိုင်အောင် ဒေသတွင်းကားထုတ်လုပ်ရာအချက်အခြာဖြစ်ခဲ့ပြီး ဂျပန်ကားထုတ်လုပ်သည့် Toyota Motor နှင့် Isuzu Motor တို့က လွှမ်းမိုးထားကြောင်းသိရပါသည်။ သို့သော် တရုတ်လျှပ်စစ်ကားထုတ်လုပ်သူများ၏ အမေရိကန်ဒေါ်လာ ၁.၄၄ဘီလီယံရင်းနှီးမြှုပ်နှံမှု လှိုင်းလုံးဝင်ရောက်လာမှုသည် ဂျပန်ကုမ္ပဏီများကိုစိန်ခေါ်လျက်ရှိပြီး ထိုင်းနိုင်ငံမှ သုံစွဲသူများကလည်း အစိုးရ၏ထောက်ပံ့မှု၊ အခွန်သက်သာခွင့်တို့ကြောင့် လျှပ်စစ်များကို လျှင်မြန်စွာအစားထိုးသုံးစွဲလာကြောင်းသိရပါသည်။ ထိုင်းအစိုးရကလည်း ၂၀၃၀ပြည့်နှစ်တွင် ၎င်းတို့၏ နှစ်စဉ်ကား ထုတ်လုပ်မှုပမာဏ ၂.၅သန်း၏ ၃၀ရာခိုင်နှုန်းကို လျှပ်စစ်ကားများဖြစ်စေရန် ရည်ရွယ်ထားကြောင်းသိရပါသည်။ GAC Aion ၏ အမေရိကန်ဒေါ်လာ ၆၄.၀၃သန်းရင်းနှီးထားသည့် စက်ရုံ သည် နှစ်စဉ်ကားအစီးရေ ၅၀၀၀၀ ထုတ်လုပ်နိုင်စွမ်းရှိကြောင်း ထိုင်းနိုင်ငံ၊ စက်မှုဝန်ကြီးက ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ပါသည်။ GAC Aion ၏ အရှေ့တောင်အာရှ မန်နေဂျင်း ဒါရိုက်တာ Ma Haiyang က ၎င်းတို့သည် အလေအလွင့်နည်းပါးရန်နှင့် ကုန်ကျစရိတ်လျှော့ချရန် AI နည်းပညာအသုံးပြု၍ လျင်မြန်စွာထုတ်လုပ်သွားမည်ဟုပြောကြားခဲ့ပါသည်။
Source: Bangkok Post
DOCA(ရန်ကုန်)