၂၀၂၄ခုနှစ်၏ ပထမ(၆)လတွင် ကမ္ဘောဒီးယားနိုင်ငံ၌ လုပ်ငန်းအသစ်၃၁၃၀ဝင်ရောက်လာသည့်အတွက် နိုင်ငံရှိစက်ရုံအရေအတွက်မှာ ၄၄၄၁၇အထိမြင့်တက်လာခဲ့ပြီး လူဦးရေ ၁.၇၉သန်းအလုပ်လုပ်ကိုင်နေကြကြောင်း အလုပ်သမားနှင့် အသက်မွေးဝမ်းကြောင်းလေ့ကျင့်ရေးဝန်ကြီးဌာန(MLVT)ကထုတ်ပြန်သည့် နောက်ဆုံးအချက်အလက်များအရသိရပါသည်။ MLVT ၏ ပြောရေးဆိုခွင့်ရှိသူ Kata On က အသစ်ဖွင့်လှစ်လိုက်သည့်လုပ်ငန်းများသည် အလုပ်သမား ၇၇၄၃၆ဦးကိုခန့်အပ်နိုင်ခဲ့ပြီး ယင်းအနက် ၄၃၁၇၂ဦးသည် အမျိုးသမီးများဖြစ်ကြောင်းသိရပါသည်။ လုပ်ငန်းအသစ်များအနက် ၈၂ခုသည် အထည်ချုပ်ကဏ္ဍမှဖြစ်ပြီး အလုပ်သမား ၃၇၈၂၇ဦးခန့်အပ်ထားကြောင်းသိရပါသည်။ လုပ်ငန်း ၁၅၃၈ခုသည် အဝတ်အထည်၊ ခြေအိတ်နှင့် ခရီးသွားကုန်ပစ္စည်း(GFT)ကဏ္ဍမှဖြစ်ပြီး အလုပ်သမား ၉၁၃၀၁၇ဦးခန့်အပ်ထားပြီး နှစ်စဉ် လစာငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၂.၉၇ဘီလီယံပေးချေလျက်ရှိကြောင်း သိရပါသည်။ GFT ကုန်ပစ္စည်းများတင်ပို့မှုမြင့်တက်လာခြင်းသည် ရင်းနှီးမြှုပ်နှံမှုအသစ်များကို ပိုမိုဆွဲဆောင်နိုင်ခဲ့ပြီး စက်ရုံသစ်များဖွင့်လှစ်မှုကို ဦးတည်စေခဲ့ကြောင်းသိရပါသည်။ အထည်ချုပ်မဟုတ်သည့် ကဏ္ဍတွင် လုပ်ငန်းပေါင်း ၄၂၈၇၉ခုရှိပြီး အလုပ်သမား ၈၇၉၇၇၄ဦးရှိကာ နှစ်စဉ်လစာငွေ အမေရိကန်ဒေါ်လာ ၂.၆ဘီလီယံပေးချေလျက်ရှိကြောင်းသိရပါသည်။ Kata On က ဝန်ကြီးချုပ် Hun Manet ၏ ဦးဆောင်မှုအောက်တွင် ကမ္ဘောဒီးယားအစိုးရသည် နိုင်ငံကို ၂၀၃၀ပြည့်နှစ်တွင် အလယ်အလတ်အထက် ဝင်ငွေရှိသည့်နိုင်ငံနှင့် ၂၀၅၀ပြည့်နှစ်တွင် ဝင်ငွေမြင့်နိုင်ငံအဖြစ် အသွင်ကူးပြောင်းရန် မူဝါဒများချမှတ်လျက်ရှိကြောင်းပြောကြားခဲ့ပါသည်။ ထို့ပြင် ကမ္ဘောဒီးယားအစိုးရသည် လုပ်သားထုများပြားစွာအသုံးပြုနေခြင်းကြောင့် ကုန်ကျစရိတ်မြင့်တက်ခြင်းကို ကျွမ်းကျင်မှုရှိသည့် လုပ်သားများနှင့်သာ ကုန်ကျစရိတ်လျှော့ချလုပ်ကိုင်နိုင်ခြင်းကိုပြောင်းလဲရန်အတွက် နည်းပညာနှင့်အသက်မွေးဝမ်းကြောင်းပညာရပ်များလေ့ကျင့်ပေးမည့် Program များကိုချပြခဲ့ပါသည်။ အဆိုပါ Program သည် တစ်လလျှင် လူဦးရေ ၂၈၀၀၀၀လက်ခံလေ့ကျင့်ပေးသွားမည်ဖြစ်ပြီး နယ်ပယ် ၁၀ခုကို အဓိကလေ့ကျင့်သွားမည်ဟုသိရပါသည်။ အဆိုပါနယ်ပယ် ၁၀ခုတွင် ဆောက်လုပ်ရေး၊ လျှပ်စစ်၊ အီလက်ထရောနစ်၊ အထွေထွေစက်ပြင်ခြင်း၊ ခရီးသွားကဏ္ဍ၊ ဝန်ဆောင်မှု၊ လယ်ယာစိုက်ပျိုးရေး၊ စီးပွားရေးနှင့် သတင်းအချက်အလက်နည်းပညာတို့ပါဝင်ကြောင်းသိရပါသည်။ ထိုအချိန်တွင် ဥရောပကုန်သည်ကြီးများအသင်း (EuroCham)ကကောက်ခံခဲ့သည့် စစ်တမ်းအချက်အလက်များအရ ကမ္ဘောဒီးယားရှိလုပ်ငန်း ၆၂ရာခိုင်နှုန်းသည် ၂၀၂၄ခုနှစ်တွင် လုပ်သားအင်အားထပ်မံဖြည့်တင်းမည်ဟုသိရပါသည်။ ဦးဆောင်နိုင်မှု၊ အရည်အသွေးထိန်းချုပ်မှုနှင့် စီမံကိန်းစီမံခန့်ခွဲရေးသည် အလိုအပ်ဆုံးနေရာများဖြစ်ကြောင်းသိရပါသည်။ အထက်ပါ အကောင်းမြင်၍ရသည့် အခြေအနေများရှိနေသော်လည်း စစ်တမ်းကောက်ခံမှု၏ ၇၄ရာခိုင်နှုန်းမှာ ၎င်းတို့သည် ကမ္ဘောဒီးယားတွင် အရည်အသွေးပြည့်မီသည့် အလုပ်သမားများငှားရာတွင် စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရသည်ဟုဖြေကြားခဲ့ကြောင်းသိရပါသည်။
Source: Khmer Times
DOCA(ရန်ကုန်)