
Good Brothers’ Chemical Co.,Ltd ၏ “ဓာတ်မြေဩဇာအသိပညာပေးဟောပြောပွဲနှင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချပွဲ” ကို အမှတ်(၁၀၂၆)၊ ရဲမွန်ကျေးရွာ၊ လှည်းကူး မြို့နယ်တွင် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၁၈ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်နှင့်တကွ ဌာနဆိုင်ရာများမှ တာဝန်ရှိသူ ၃၀ဦး၊ တောင်သူ ၂၂၀ဦး၊ စုစုပေါင်းအင်အား ၂၅၀ဦးတက်ရောက်ခဲ့ပါသည်။ အခမ်းအနားစတင်ချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က ပြည်ပပို့ကုန်တို့မြှင့်တင်ပို့နိုင်ရေး၊ လယ်ယာထွက်ကုန်ပစ္စည်းများ ဈေးကွက်တည်ငြိမ်မှုရရှိရေးနှင့် စားသုံးသူရေးရာအသိပညာပေးကိစ္စရပ်များကို ဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးနှင့် သမဝါယမဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးတို့က အသိပညာမျှဝေဟောပြောခဲ့ကြပါသည်။ ထို့နောက် Good Brothers’ Chemical Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက ပွဲကျင်းပရသည့်ရည်ရွယ်ချက်အားတင်ပြခဲ့ပြီး တောင်သူများအား ကံစမ်းမဲဖောက်ပေးခြင်း၊ ဧည့်သည်တော်များနှင့်ဆွေးနွေးခြင်း၊ ရောင်းချခြင်းအစီအစဉ်တို့ပြုလုပ်ခဲ့ကာ အခမ်းအနားပြီးမြောက်ခဲ့ကြောင်းသိရပါသည်။
DOCA(ရန်ကုန်)