အိန္ဒိယနိုင်ငံ၏ ဘာစမာတီဆန်တင်ပို့မှုသည် ၂၀၂၄ခုနှစ်၊ ဘဏ္ဍာရေးနှစ်၏ (၂)လအတွင်း ဆော်ဒီအာရေးဗီးယားနှင့် အီရတ်တို့ကဲ့သို့သော အနောက်အာရှမှ ဝယ်လိုအားများတိုးမြင့်လာခြင်းကြောင့် ၁၃ရာခိုင်နှုန်းခန့်တင်ပို့မှုများတိုးမြင့်လာခဲ့သည်။
ဆော်ဒီအာရေးဗီးယားနိုင်ငံသည် ဆန်တန်ချိန် ၂.၁၈သိန်းကျော်ဖြင့် ဝယ်လိုအားအများဆုံးနိုင်ငံဖြစ်ပြီး လွန်ခဲ့သည့်နှစ်၏ ဝယ်ယူတင်သွင်းခဲ့သည့် ဆန်တန်ချိန် ၁.၅၄သိန်းထက် ၄၁ရာခိုင်နှုန်းတိုးလာခဲ့ခြင်းဖြစ်သည်။ ငွေတန်ဖိုးအရ အိန္ဒိယမှဆော်ဒီအာရေးဗီးယားသို့တင်ပို့မှုသည် လွန်ခဲ့သည့်နှစ်၏ တန်ဖိုးဒေါ်လာ ၁၇၇သန်းဖြင့် ၁၈ရာခိုင်နှုန်းတိုးမြင့်လာခဲ့ခြင်းဖြစ် သည်။
အလားတူပင် ဒုတိယအများဆုံးဝယ်ယူသော အီရတ်နိုင်ငံသို့ ဘာစမာတီဆန်များတင်ပို့မှုသည် တန်ချိန် ၁.၅၇သိန်းရှိပြီး ယခင်နှစ်ထက် ၂၇ရာခိုင်နှုန်းတိုးလာခဲ့သည်။ ငွေတန်ဖိုးအား ဖြင့် လွန်ခဲ့သောနှစ်၏ အလားတူကာလက အီရတ်သို့တင်ပို့ခဲ့သော တန်ဖိုးဒေါ်လာ ၁၃၀.၈၄သန်းမှ ဒေါ်လာ ၁၆၁.၇၂သန်းသို့ ၂၃ရာခိုင်နှုန်းတိုးမြင့်လာခဲ့သည်။
အီရန်နိုင်ငံမှာ အိန္ဒိယနိုင်ငံမှ တတိယအများဆုံးဝယ်ယူသောနိုင်ငံဖြစ်သည်။ သို့သော် အီရန်နိုင်ငံသို့တင်ပို့မှုမှာ လွန်ခဲ့သောနှစ်တွင် ဆန်တန်ချိန် ၁.၅၃သိန်းမှ ၁.၁၆သိန်းသို့ ၂၄ရာခိုင်နှုန်းခန့်လျော့နည်းသွားခဲ့သည်။ တန်ဖိုးအားဖြင့် အီရန်သို့ ဘာစမာတီဆန်တင်ပို့မှုသည် ဒေါ်လာ ၁၅၅သန်းမှ ဒေါ်လာ ၁၁၅.၅၃သန်းသို့ ၂၅ရာခိုင်နှုန်းခန့်လျော့နည်းသွားခဲ့သည်။
အမေရိကန်နိုင်ငံမှာ စတုတ္ထအများဆုံးဝယ်ယူသောနိုင်ငံဖြစ်ပြီး ဆန်တန်ချိန် ၄၆၅၆၅တန်တင်ပို့နိုင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၄၃ရာခိုင်နှုန်းတိုးလာခဲ့သည်။ တန်ဖိုးအားဖြင့် ဒေါ်လာ၄၁.၄၇သန်းမှ ဒေါ်လာသန်း၆၀သို့ ၄၅ ရာခိုင်နှုန်းတိုးလာခဲ့သည်။
အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘာစမာတီဆန်အများဆုံးထုတ်လုပ်တင်ပို့သောနိုင်ငံဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၃ဘဏ္ဍာရေးနှစ်တွင် ဘာစမာတီဆန်များတင်ပို့မှုသည် တန်ချိန် ၅.၂၄သန်းအထိ စံချိန်တင်တင်ပို့နိုင်ခဲ့ပြီး ပမာဏအားဖြင့် ၁၅ရာခိုင်နှုန်းတိုးလာပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၅.၈၃ဘီလီယံကျော်လွန်ခဲ့သည်။ အနောက်အာရှနိုင်ငံများသည် အိန္ဒိယ၏ ဘာစမာတီဆန်ကို အများဆုံးဝယ်ယူသောနိုင်ငံများဖြစ်ပြီး တင်ပို့ရောင်းချမှု၏ သုံးပုံတစ်ပုံခန့်ရှိသည်။
Source: thehinduburinessline
DOCA(ရန်ကုန်)