မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်၌ ဒေသထွက်ကုန်ဖြစ်သော ပဲစဉ်းငုံနီမှာ ကုန်စည်ဒိုင်သာမကမြို့ပေါ်ရှိပွဲရုံများတွင်လည်း နေ့စဉ်အရောင်းအဝယ်ဖြစ်နေကြောင်း ပခုက္ကူကုန်သည်များထံမှ သိရှိရပါသည်။ ပခုက္ကူမြို့နယ်တွင် ပဲစဉ်းငုံနီ ကို စိုက်ဧက(၃၁၁၇)ကျော်ရှိပြီး အဓိကစိုက်ပျိုးသောနေရာများမှာ ကံတော်၊ ကဲလှ၊ ကံရပ်၊ ချောက်ကန်အုပ်စုရွာများ၊ ကိုင်းအုပ်စု ကျေးရွာများနှင့် မြိုင်မြို့နယ်ရှိရွာများဖြစ်သော ကျောက်ဆောက်၊ လက်ပဲအိုက်၊ မြို့သာရွာများမှ သီးညှပ်အဖြစ် အခြားသီးနှံများနှင့်ရော၍ စိုက်ပျိုးကြပါသည်။ ပခုက္ကူမြို့သည် စီးပွားရေး အချက်အချာကျသော မြို့တစ်မြို့လည်းဖြစ်ပါသည်။
၂၀၂၄ခုနှစ်၊ ဇူလိုင်(ပထမပတ်)တွင် အရောင်းအဝယ်ဖြစ်ခဲ့သော ပဲစဉ်းငုံနီဈေးနှုန်းများမှာ ပဲစဉ်းငုံနီ တစ်တင်းလျှင် ကျပ် (၁၄၁၀၀၀)၊ (ဒုတိယပတ်)တွင် ကျပ်(၁၃၉၆၀၀)၊ (တတိယပတ်) တွင် ကျပ်(၁၄၁၆၀၀)၊ (စတုတ္ထပတ်)တွင် ကျပ်(၁၄၀၀၀၀)ဖြစ်ပြီး ဇူလိုင်လအတွင်း (ဒုတိယပတ်)တွင် ပဲစဉ်းငုံဈေးအနည်းငယ်ကျ၍ အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း (တတိယပတ်)နှင့် (စတုတ္ထပတ်) တို့တွင် ဈေးပြန်လည်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ပြည်ပပို့ကုန် တစ်မျိုးဖြစ်သော ပဲစဉ်းငုံနီ ဈေးကွက်မှာ ခိုင်မာလျက်ရှိကြောင်း၊ နေ့စဉ်အရောင်း အဝယ်ဖြစ်ခဲ့သော အိတ်ရေမှာ တစ်နေ့လျှင် အိတ်ရေ (၁၀၀)မှ(၃၀၀)ထိ ဖြစ်ပြီး တင်ပို့အနေဖြင့် မြန်မာပြည်အောက်ပိုင်းသို့ တင်ပို့နေရကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။
DOCA(မကွေး)