![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၁၀၄_6.jpg?itok=PKtOnsFL)
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၌ ရေမြေသဘာဝအရ တောင်ကျချောင်းကြီး(၃)ခုစီးဆင်းလျက်ရှိပြီး တချို့သောဒေသခံတို့သည် စိုက်ပျိုးရေးကိုအဓိကထားပြီး အသက်မွေးဝမ်းကြောင်းလုပ်ကိုင်၍ အဆင်ပြေလျက်ရှိပါသည်။ စပါး၊ မတ်ပဲတို့ကို အဓိကစိုက်ပျိုးပြီး ဂေါ်ဖီ၊ ငရုတ်၊ သခွားကဲ့သို့သော ရာသီပေါ်သီးနှံများလည်းစိုက်ပျိုးထွက်ရှိပါသည်။
အုတ်ဖိုမြို့နယ်မှထွက်သော ငရုတ်သီးစိမ်းသည် ဈေးကောင်းရရှိသဖြင့် တောင်ယာသမားများ အများအပြားစိုက်ပျိုးလျက်ရှိရာ ကျေးရွာအုပ်စုအနေဖြင့် (၁၁)အုပ်စု၊ ကျေးရွာခွဲ(၁၅)ရွာခန့်၌ စီးပွားဖြစ်စိုက်ပျိုးလျက်ရှိပါသည်။ မျိုးများအနေဖြင့် ညောင်ရန်း၊ မိုးမျှော်၊ ပင်နမ် စသောမျိုးများကို အဓိကစိုက်ပျိုးကြပါသည်။ ၎င်းမျိုးများမှာ ကြာရှည်အထားခံပြီး ဈေးကောင်းရသောကြောင့်ဖြစ်သည်ဟုသိရသည်။ ငရုတ်စိုက်(၁)ဧကလျှင် ပိဿာ၇၀၀ခန့်အထိရရှိပြီး ရန်ကုန်ဈေးကွက်သို့ အဓိကထားတင်ပို့ရကြောင်းသိရှိရသည်။ ငရုတ်သီးစိုက်ပျိုးခြင်းသည် အချိန်တိုအတွင်း ဝင်ငွေကောင်းသဖြင့် တောင်သူများတွက်ခြေကိုက်ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)