Main menu

ဗီယက်နမ်၏ သီဟိုဠ်စေ့တင်သွင်းမှု၌ ကမ္ဘောဒီးယားက ဈေးကွက်ဝေစုအများဆုံးရရှိ

Powered by Drupal

     ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်ကာလအတွင်း တန်ဖိုး အမေရိကန်ဒေါ်လာ ၁.၈ ဘီလီယံရှိသော သီဟိုဠ်စေ့ တန်ချိန် ၁.၅ သန်းကို တင်သွင်းခဲ့ရာ ယခင်နှစ်ကာလတူ၌ တင် သွင်းခဲ့မှုနှင့် နှိုင်းယှဉ်ပါက တန်ဖိုးအားဖြင့် ၃.၄% နှင့် တန်ချိန်အားဖြင့် ၈.၄% တိုးတက်လာကြောင်း ဗီယက်နမ် အထွေထွေအကောက်ခွန်ဌာန၏ အချက်အလက်များအရ သိရှိရသည်။

     အဆိုပါပမာဏ၏ ၅၅.၅% ရှိသော သီဟိုဠ်စေ့ တန်ချိန် ၇၈၀၇၀၀ ကျော်ကို ကမ္ဘောဒီးယား နိုင်ငံထံမှ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရှိ ကြောင်း၊ ယခင်နှစ် ပထမနှစ်ဝက်၌ ကမ္ဘောဒီးယားတစ်နိုင်ငံတည်းထံမှ တင်သွင်းခဲ့မှုနှင့် နှိုင်းယှဉ်ပါက တန်ဖိုးအားဖြင့် ၂၈.၁% နှင့် တန်ချိန်အားဖြင့် ၃၆.၇% တိုးတက်ခဲ့ခြင်းဖြစ်ကြောင်း Vietnam Plus သတင်းဌာနက ဖော်ပြပါသည်။

       ဗီယက်နမ်သည် ကမ္ဘာ့ထိပ်တန်း သီဟိုဠ်စေ့တင်ပို့သည့် နိုင်ငံဖြစ်သော်လည်း ကုန်ချောပြုပြင်ထုတ်လုပ်ရန်အတွက် ပြည်တွင်းစိုက်ပျိုးထွက်ရှိမှုမှ ပေးသွင်းနိုင်မှုမှာ အကန့်အသတ်ရှိနေဆဲဖြစ်၍ လုပ်ငန်းရှင်များအနေဖြင့် သီဟိုဠ်စေ့ ပမာဏအများအပြားကို တင်သွင်းနေရခြင်းဖြစ်သည်။ ဗီယက်နမ် လုပ်ငန်းရှင်များသည် ကမ္ဘောဒီးယားနိုင်ငံအပြင် အခြားပင်ရင်းဒေသအဖြစ်  အာဖရိကဒေသမှ သီဟိုဠ်စေ့ကိုလည်း အဓိကရယူ တင်သွင်းလျက်ရှိသည်။ သို့သော် အရည်အသွေး နိမ့်ကျသည့် သီဟိုဠ်စေ့များအား တင်သွင်းလျက် ဗီယက်နမ်ပြည်တွင်းထုတ်ကုန်အဖြစ် တုပထုတ်လုပ်မှုများမှာ မြင့်တက်လျက်ရှိပြီး ဗီယက်နမ် သီဟိုဠ်စေ့ ကုန်အမှတ်တံဆိပ်အပေါ် ဆိုးရွားစွာ ထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

      ပြည်ပသို့ သီဟိုဠ်စေ့ထုတ်ကုန် တင်ပို့မှုတွင် ဗီယက်နမ်နိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်ကာလအတွင်း တန်ချိန် ၃၅၃၅၀၀ တင်ပို့လျက် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၉ ဘီလီယံ ရရှိခဲ့သည်။ ယခင်နှစ် ကာလတူ၌ တင်ပို့ခဲ့မှုနှင့် နှိုင်းယှဉ်ပါက တန်ဖိုးအားဖြင့် ၁၈.၇% နှင့် တန်ချိန်အားဖြင့် ၂၆.၂% တိုးတက်ခဲ့သည်။ ယခုနှစ် ပထမ ၆ လအတွင်း ဗီယက်နမ်၏ သီဟိုဠ်စေ့ပို့ကုန် ပျမ်းမျှဈေးနှုန်းမှာ ၁ တန်လျှင် ၅၅၀၂ အမေရိကန်ဒေါ်လာရှိပြီး ၎င်းသည် ယခင်နှစ် အလားတူကာလ၌ ရရှိခဲ့သောဈေးနှုန်း၏ အောက်သို့ ၆.၄% ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Source: Vietnam Plus, 19 Jul 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)