Main menu

အိန္ဒိယဈေးကွက်၌ ရိုဘတ်စတာကော်ဖီဈေးနှုန်း ဆက်လက်မြင့်တက်

Powered by Drupal

     ကမ္ဘာ့ကော်ဖီစေ့ဈေးကွက်၌ အကြီးမားဆုံးစိုက်ပျိုးထုတ်လုပ်သူဖြစ်သည့် ဗီယက်နမ်နိုင်ငံမှ ရောင်းလိုအားကျဆင်းမှုနှင့်အတူ အိန္ဒိယပြည်တွင်းဈေးကွက်တွင် ရိုဘတ်စတာကော်ဖီဈေးနှုန်းများမှာ ဆက်လက်မြင့်တက်လျက်ရှိပြီး အာရေးဘီးကား ကော်ဖီစေ့ဈေးနှုန်းများမှာမူ ကောင်းစွာတည်ငြိမ်လျက်ရှိကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။

     အိန္ဒိယပြည်တွင်း၌ ကျယ်ပြန့်စွာ ထုတ်လုပ်ရောင်းဝယ်မှုရှိသည့် ပြုပြင်ခြင်း မပြုရသေးသော ခူးဆွတ်ပြီး ရိုဘတ်စတာကော်ဖီ ချယ်ရီစေ့များ၏ ဈေးနှုန်းသည် ၅၀ ကီလိုဂရမ်ဝင် ၁ အိတ် လျှင် ရူပီးငွေ ၁၀၀၀၀ နှုန်းကို မကြာသေးမီက စံချိန်တင်ဖြတ်ကျော်ခဲ့ပြီး လက်ရှိကာလတွင် ရူပီး ၁၀၄၀၀ နှုန်း ဝန်းကျင်ဖြင့် တောင်သူများက ရောင်းချလျက်ရှိသည်။ ရိုဘတ်စတာချယ်ရီစေ့များ၏ ဈေးနှုန်းသည် ဧပြီလ လဆန်းပိုင်းကထက် ၁၀% ခန့်နှင့် ဇန်နဝါရီလ လဆန်းပိုင်းဈေးနှုန်းထက် ၅၀% ကျော် မြင့်တက်လာခြင်းဖြစ်သည်။

    အလားတူ ပြုပြင်သန့်စင်ပြီး အခွံမာ (parchment) ပါရှိသည့် ရိုဘတ်စတာကော်ဖီစေ့၏ ဈေးနှုန်းများသည်လည်း ၅၀ ကီလိုဂရမ်ဝင် ၁ အိတ်လျှင် ရူပီး‌ ၁၈၃၀၀ နှုန်းသို့ စံချိန်တင်မြင့်တက်ခဲ့ပြီး ဇန်နဝါရီလဆန်းပိုင်းရှိ ဈေးနှုန်းထက် ၆၆% ပိုမိုလာခဲ့သည်။ ICE စတော့ဈေးကွက်တွင် ကမ္ဘာ့ရိုဘတ်စတာကော်ဖီ ကြိုတင်အရောင်းဈေးနှုန်းများသည်လည်း ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းမှ လက်ရှိကာလအတွင်း ၆၀% ကျော်မြင့်တက်လာကြောင်း တွေ့ရှိရသည်။

     အိန္ဒိယ ကော်ဖီတင်ပို့သူများအသင်း၏ ဥက္ကဋ္ဌ Ramesh Rajah က ရိုဘတ်စတာကော်ဖီ ဈေးနှုန်းများ မြင့်တက်လာရခြင်းမှာ ဗီယက်နမ်နိုင်ငံ၌ ရောင်းလိုအား လျော့နည်းလာခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့အပြင် EUDR ခေါ် ဥရောပသမဂ္ဂ၏ သစ်တောပြုန်းတီးမှုဆိုင်ရာ စည်းမျဉ်းများ စတင်သက်ဝင်မှုရှိမည့် နှစ်ကုန်ပိုင်းမတိုင်မီ ဥရောပကုန်သည်များဘက်မှ ဝယ်လိုအား မြင့်တက်မှုကလည်း ဈေးနှုန်းမြင့်တက်စေရန် အထောက်အပံ့ပြုလျက်ရှိကြောင်း၊ ကော်ဖီစေ့ဈေးနှုန်းများ ယခုထက် ပိုမိုမြင့်တက်လိမ့်မည်ဟု ယူဆထားသော တောင်သူအချို့သည် အလျင်စလို ရောင်းချမှုမပြုပဲ ထိန်းသိမ်းထားကြကြောင်း၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု စုစုပေါင်း၏ ၇၀% ခန့်မှာ ဈေးကွက်အတွင်းသို့ ရောင်းချထားပြီးဖြစ်ပြီး ကျန်ပမာဏကို စိုက်ပျိုးထုတ်လုပ်သူများက ထိန်းသိမ်းထားဆဲဖြစ်သည်ဟု ယူဆရကြောင်းဖြင့် ပြောကြားခဲ့သည်။

   ၂၀၂၄ ပြက္ခဒိန်နှစ်အတွင်း အိန္ဒိယ၏ ကော်ဖီတင်ပို့မှုမှာ ဇူလိုင်လ ၁၁ ရက်နေ့အထိ တန်ချိန် ၂.၅၃ သိန်းရှိပြီး ယခင်နှစ်ကာလတူ၌ တင်ပို့မှု တန်ချိန် ၂.၂၈ သိန်းအပေါ် ၁၁% တိုးတက်ခဲ့သည် ဟု အိန္ဒိယကော်ဖီလုပ်ငန်းကြီးကြပ်ရေးအဖွဲ့က ဖော်ပြထားသည်။ အဓိကအားဖြင့် ရိုဘတ်စတာ ကော်ဖီချယ်ရီစေ့များ တင်ပို့မှုတိုးတက်ခဲ့ပြီး ဇန်နဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၁၁ ရက်နေ့အတွင်း တန်ချိန် ၁.၁၉ သိန်း တင်ပို့နိုင်ခဲ့ရာ ယခင်နှစ် အလားတူကာလ တင်ပို့ခဲ့မှု တန်ချိန် ၁.၀၁ သိန်း အပေါ် ၁၈% တိုးတက်မှုရရှိခဲ့သည်။ ပြန်လည်တင်ပို့ကုန် အပါအဝင် အသင့်သောက်သုံးနိုင်သော ကော်ဖီထုတ်ကုန်များတင်ပို့မှုမှာ ဒုတိယအများဆုံးဖြစ်ပြီး အဆိုပါကာလအတွင်း ၈၂၇၇၁ တန် တင်ပို့လျက် ယခင်နှစ်ကာလတူထက် ၁၁% ပိုမိုခဲ့သည်။

ကော်ဖီတင်ပို့သူများနှင့် ကော်ဖီလှော်သည့်လုပ်ငန်းများထံသို့ ကော်ဖီစေ့ပေးသွင်းခြင်းကို လုပ်ကိုင်လျက်ရှိသော Agrani Coffee and Commodities Ltd မှ လုပ်ငန်းရှင် Praveen Kumar Kolimarla က ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့တွင် ရောင်းလိုအားနည်းပါးမှုကြောင့် ရိုဘတ်စတာ ကော်ဖီဈေးကွက်သည် ကုန်ရလွယ်မှုနှင့် ဈေးနှုန်းများအရ လွန်စွာကျပ်တည်းမှု ဆက်လက်ဖြစ်ပေါ်နေဦးမည် ဖြစ်ကြောင်း၊ ဝယ်ယူသူများထံမှ တောင်းဆိုမှုများပြားနေချိန်တွင် အိန္ဒိယရှိစိုက်ပျိုး ထုတ်လုပ်သူများက ကော်ဖီစေ့များ ပိုမိုထုတ်ရောင်းလာခြင်း၊ လုပ်ငန်းရှင်များအတွက် ငွေဖြစ်လွယ်မှုရှိခြင်း၊ မုတ်သုံရာသီဥတု၏ သက်ဝင်လှုပ်ရှားမှုရှိလာခြင်း စသည့်အခြေအနေများနှင့်အတူ အဆိုပါနိုင်ငံများမှ ကော်ဖီစေ့ရောင်းချနိုင်ခြင်းမရှိတော့သည့် အခြေအနေ၌ အိန္ဒိယအတွက် အခွင့်အလမ်းများရှိနေကြောင်း ပြောဆိုခဲ့သည်။

   Fitch ကုမ္ပဏီလုပ်ငန်းစု၏ ဈေးကွက်သုတေသနအဖွဲ့တစ်ခုဖြစ်သော BMI က မကြာသေးမီကာလ၌ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်စောင်တွင် အဓိကစိုက်ပျိုးထုတ်လုပ်သည့် ဗီယက်နမ်နိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့၌ ရောင်းလိုအား အခက်အခဲများကြောင့် ကော်ဖီဈေးကွက်သည် အလားအလာကောင်းမွန်လျက်ရှိမည်ဖြစ်ကြောင်း၊ ကုန်စည်များ ဆက်လက်စုဆောင်းခြင်းက ၂၀၂၄ ခုနှစ် ဒုတိယနှစ်ဝက်တွင် ဈေးနှုန်းတိုးတက်မှုအပေါ် လေဆန်အတားအဆီးများ ဖြစ်ပေါ်စေနိုင်ကြောင်း၊  ဗီယက်နမ်နိုင်ငံတွင် ၂၀၂၄ နိုဝင်ဘာလမှ ၂၀၂၅ ဖေဖော်ဝါရီလအထိ ရိုဘတ်စတာကော်ဖီ ခူးဆွတ်ထွက်ရှိမှု အမြင့်မားဆုံးကာလမတိုင်မီ မိုးရွာသွန်းမှုနှင့် ဆည်တာတမံများ၌ ရေသိုလှောင်နိုင်မှု အခြေအနေကို စောင့်ကြည့်ရလိမ့်မည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုကျဆင်းခြင်းကို ရှောင်ကြဉ်နိုင်ရန်အတွက် ပြန်လည်အင်အားဖြည့်တင်းမှုမှာ အရေးကြီးကြောင်း ဖော်ပြထားသည်။

    ၂၀၂၃-၂၀၂၄ အယ်လ်နီညိုဖြစ်စဉ်ဆောလျင်စွာ ပျက်ပြယ်ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာ-နိုဝင်ဘာ ကာလများ၌ လာနီညာရာသီဥတုဖြစ်စဉ်ပေါ်ပေါက်နိုင်မှုက အရှေ့တောင်အာရှ‌ဒေသ တွင် မိုးရွာသွန်းမှုကို ကောင်းမွန်စေမည့် အလားအလာရှိနေသည်။ ယင်းမတိုင်မီ၌ ဘရာဇီးနိုင်ငံ၏ ကော်ဖီခူးဆွတ်ရိတ်သိမ်းမှုမှာ ၂၀၂၄-၂၅ ထုတ်လုပ်ရေးနှစ်၏ ရာသီချိန်ပြင်ပသို့ ရောက်ရှိနေမည်ဖြစ်ပြီး ၎င်း၏ နှစ်စဉ်ပြည်တွင်းကော်ဖီထုတ်လုပ်မှု ကျဆင်းခြင်းအရ ဈေးကွက်ကျပ်တည်းမှုဖြစ်ပေါ်နိုင်ကြောင်း BMI အဖွဲ့က ဖော်ပြထားသည်။

Source: The Hindu Business Line, 17 Jul 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)