Main menu

တရုတ်နိုင်ငံ၌ ကျောက်မီးသွေးကို ပြောင်းလဲသုံးစွဲသဖြင့် ထိုင်းပီလောပီနံတင်ပို့သူများ အခက်ကြုံ

Powered by Drupal

    ထိုင်းနိုင်ငံ၏ ဘတ် ၁၂၇ ဘီလီယံတန်ဖိုးရှိသော ပီလောပီနံလုပ်ငန်းသည် ၎င်း၏ ပီလောပီနံဝယ်ယူမှုအများဆုံး ဖောက်သည်ဖြစ်သည့် တရုတ်နိုင်ငံအနေဖြင့် အီသနောထုတ်လုပ်ရာတွင် ကုန်ကြမ်းအဖြစ် ပီလောပီနံအမှုန့်ကို အသုံးပြုခြင်းမှ ကျောက်မီးသွေးသို့ ပြောင်းလဲသုံးစွဲခြင်းကြောင့် အခက်အခဲများ ကြုံတွေ့နေရသည့်အတွက် ထိုင်းနိုင်ငံမှ ပီလောပီနံတင်ပို့သူများအနေဖြင့် ထောက်ပံ့မှုများ ပိုမိုရရှိရန် အစိုးရအား တရားဝင်တောင်းဆိုလျက်ရှိကြောင်း သိရှိရသည်။

    တရုတ်နိုင်ငံသည် Shaanxi ပြည်နယ်တွင် အီသနောထုတ်လုပ်သည့်စက်ရုံအား စတင်စမ်းသပ်လည်ပတ်နေပြီဖြစ်သည်ဟု ထိုင်းပီလောပီနံကော်မှုန့်အသင်း၏ ဥက္ကဋ္ဌဖြစ်သူ Chumphol Kajohnchalearmsak က ၁၉-၇-၂၀၂၄ရက်၊ သောကြာနေ့တွင် ပြောကြားခဲ့သည်။

     အဆိုပါစက်ရုံ အပြည့်အဝလည်ပတ်နိုင်မှုရှိပါက ကျောက်မီးသွေးကို အသုံးပြု၍ တစ်နှစ်လျှင် အီသနော တန်ချိန် ၅၀၀၀၀၀ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ၎င်းသည် ပီလောပီနံထက်  တစ်တန်လျှင် ၃ ယွမ်မှ ၄ ယွမ်အထိ (၁၅ ဘတ်မှ ၂၀ ဘတ်) စရိတ်သက်သာစေမည်ဖြစ်ကြောင်း၊ အဆိုပါစက်ရုံသည် ကျောက်မီးသွေးမှ အီသနောထုတ်လုပ်သည့် ကမ္ဘာ့အကြီးဆုံးစက်ရုံ ဖြစ်လာ မည်ဖြစ်ပြီး ထိုင်းနိုင်ငံမှ တင်သွင်းသည့် ပီလောပီနံဝယ်လိုအားကို ထပ်မံလျှော့ချရန်နှင့် ပြောင်းနှင့် ကြံကဲ့သို့ အလားတူ စိုက်ပျိုးရေးထွက်ကုန်များအား လျှော့ချသွားနိုင်ကြောင်း Chumphol က ပြောကြားခဲ့သည်။

    ထိုင်းနိုင်ငံသည် ယမန်နှစ်က ဘတ် ၁၂၇ ဘီလီယံတန်ဖိုးရှိ ပီလောပီနံထွက်ကုန်များအား တင်ပို့ခဲ့ပြီး စုစုပေါင်းတင်ပို့မှု၏ ၆၃ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံမှဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် ထုတ်လုပ်မှုစရိတ် ကြီးမြင့်မှုကြောင့် ပြည်ပသို့ တင်ပို့သည့် ပီလောပီနံအမှုန့်ဈေးနှုန်းသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၃၈ ဒေါ်လာအထိ မြင့်တက်လာခဲ့ပြီး ဝယ်သူအများအပြားမှာ အမှာစာတင်ရန် ရွှေ့ဆိုင်းထားရကြောင်း Chumphol က ဆက်လက်ပြောကြားခဲ့သည်။

     ထို့အပြင် ၂၀၂၄ခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံမှ ၀ယ်လိုအားသည် ဘတ်ငွေတန်ဖိုး ဖောင်းပွမှုနှင့် အီသနောထုတ်လုပ်ရာတွင် ပီလောပီနံအမှုန့်ကို အစားထိုးနိုင်သော တရုတ်နိုင်ငံရှိ မျိုးရိုးဗီဇပြုပြင်ထားသောပြောင်းများ၏ အထွက်နှုန်း မြင့်မားမှုတို့ကြောင့် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါ က ၅၀ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သိရှိရသည်။

   ပို့ကုန်ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ရန်အတွက် ပီလောပီနံ ကုန်ကျစရိတ်ကို လျှော့ချရန် သို့မဟုတ် အထွက်နှုန်းတိုးစေရန်အတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးရန် အစိုးရအား တောင်းဆိုခဲ့ကြောင်း၊ ပီလောပီနံစိုက်ပျိုးဧရိယာ (၁) ရိုင်လျှင် ထွက်ရှိသော စုစုပေါင်းအထွက်နှုန်းကို ဆိုးရွားစွာထိခိုက်စေသော ပီလောပီနံ မိုဇိတ်ရောဂါ (Mosaic Disease) အား အမြစ်ပြတ် ချေမှုန်းရာတွင် မြေပြင်တွင် အမှန်တကယ်ထိရောက်သည့် ပံ့ပိုးကူညီမှုများ လိုအပ်သည့်အပြင် ရောဂါများအား ခံနိုင်ရည်ရှိသည့် အရည်အသွေးကောင်းမွန်သော ပင်စည်ဖြတ်ပိုင်းများ ဝယ်ယူရန်အတွက် ငွေကြေးပံ့ပိုးမှုများ လိုအပ်ကြောင်း Chumphol က ပြောကြားခဲ့သည်။

Source: The Nation Thailand, 20 July, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)