Main menu

အခွန်တိုးမြှင့်စည်းကြပ်မှုက ဆန်တင်ပို့မှုကို ထိခိုက်မည်ဟု ပါကစ္စတန်ကုန်သည်များ ပြောဆို

Powered by Drupal

    ပါကစ္စတန်နိုင်ငံတွင် အခွန်စည်းကြပ်မှု စနစ်အသစ်တစ်ရပ်ကို ချမှတ်ဖော်ဆောင်ခြင်းသည် လုပ်ငန်းရှင်များအနေဖြင့် ယခင်ကထက် ၎င်းတို့၏ ရရှိသောဝင်ငွေမှ ပမာဏအများအပြားကို ပေးဆောင်ရစေမည်ဖြစ်ရာ ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅ ဘီလီယံ ရရှိရန် ရည်မှန်းထားမှုနှင့် ဆန့်ကျင်လျက် ၎င်းတို့၏ တင်ပို့မှုသည် ဒေါ်လာ ၂ ဘီလီယံ အထိ လျော့နည်းသွားနိုင်ဖွယ်ရှိကြောင်း ပါကစ္စတန် ဆန်ကုန်သည်များက ၁၉-၇-၂၀၂၄ ရက်၊ သောကြာနေ့တွင် အစိုးရသို့ ပြောကြားခဲ့သည်။

     လွန်ခဲ့သော ဘဏ္ဍာနှစ်တွင် ဆော်ဒီအာရေးဗီးယား၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ တရုတ်၊ မလေးရှားအပါအဝင် အခြားနိုင်ငံများသို့ ပါကစ္စတန်၏ဆန်တင်ပို့မှုသည် ဒေါ်လာ ၃.၉ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ရှေ့ယခင်နှစ်တွင် မှတ်တမ်းတင်ထားသည့် ဒေါ်လာ ၂.၁ ဘီလီယံနှင့် နှိုင်းယှဉ်ပါက သိသာထင်ရှားစွာ တိုးတက်လာခဲ့သည်။

     လက်ရှိဘဏ္ဍာရေးနှစ်အတွက် ပါကစ္စတန်ဆန်ကုန်သည်များသည် ဒေါ်လာ ၅ ဘီလီယံ တန်ဖိုးအထိ တင်ပို့နိုင်ရန် မျှော်မှန်းလျက်ရှိသော်လည်း Final Tax Regime ခေါ် အပြီးသတ် အခွန် ပေးဆောင်မှုစနစ်အား Hybrid Tax Regime ခေါ် ဝင်ငွေခွန်မျိုးစုံ ပေးဆောင်မှုစနစ်ဖြင့် အစားထိုးမည့် အစိုးရ၏ ဆုံးဖြတ်ချက်အရ ၎င်းရည်မှန်းချက်ကို ရရှိနိုင်မည်မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ယင်းစနစ်သည် ပို့ကုန်လုပ်ငန်းရှင်များကို လစဉ် အခွန်နှုန်းထား နှစ်ဆတိုးပေးဆောင်ရန် တွန်းအားပေးသည့် စနစ်တစ်ခုဖြစ်ကြောင်း ပါကစ္စတန်ဆန်ကုန်သည်များက ပြောကြားခဲ့ပါသည်။

    Final Tax Regime ဆိုသည်မှာ အစုပေါ်မှအမြတ်များကဲ့သို့ ရရှိသောဝင်ငွေအပေါ် အခွန်ကို ပင်ရင်းမှ ဖြတ်ဆောက်နုတ်ယူထားခြင်းဖြစ်ပြီး ၎င်းအခွန်သည် နောက်ဆုံးဖြစ်သောကြောင့် နှစ်စဉ် အခွန်ပြန်လည်တင်ပြသည့်အခါ ထိုဝင်ငွေအပေါ် ထပ်လောင်းအခွန်ပေးဆောင်ရန် မလိုအပ်သောစနစ်တစ်ခု ဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် Hybrid Tax Regime သည် ဝင်ငွေလမ်းကြောင်း များစွာရှိသည့် စီးပွားရေးလုပ်ငန်းများ သို့မဟုတ် လူတစ်ဦးချင်းစီအတွက် အကျုံးဝင်ပြီး အပြီးသတ်ဝင်ငွေခွန်အပြင် ထပ်ဆောင်းဝင်ငွေခွန်ကိုပါ ပေးဆောင်စေခြင်းဖြစ်သည်။ ၎င်းစနစ်၌ အမျိုးမျိုးသော ဝင်ငွေအမျိုးအစားများကို ဂရုတစိုက် စာရင်းပြုစုခြင်းနှင့် အစီရင်ခံခြင်း ပြုလုပ်ရန် လိုအပ်ပြီး ရိုးရှင်းသော အခွန်စနစ်များနှင့် နှိုင်းယှဉ်ပါက ယေဘုယျအားဖြင့် အခွန်တာဝန်ခံမှု ပိုမိုမြင့်မားစေသည်။

    အဆိုပါအခွန်စနစ်သစ်သည် နိုင်ငံတကာဈေးကွက်တွင် မိမိတို့၏ယှဉ်ပြိုင်နိုင်စွမ်း လျော့ကျစေနိုင်ကြောင်း၊ လျှပ်စစ်ဓာတ်အားကုန်ကျစရိတ်များနှင့် ဈေးနှုန်းများ စံချိန်တင်မြင့်မားမှုတို့နှင့်အတူ စီးပွားရေးကို လုပ်ကိုင်ဆောင်ရွက်ရခြင်းကြောင့် ၎င်းစနစ်သည် ဆန်တင်ပို့မှု တန်ဖိုးကို ဒေါ်လာ ၂ ဘီလီယံ အထိ ကျဆင်းသွားစေနိုင်ကြောင်း ပါကစ္စတန်ဆန်တင်ပို့သူများအသင်းဥက္ကဋ္ဌ Chela Ram Kewlani က Arab News သတင်းဌာနသို့ ပြောကြားခဲ့သည်။

    အခွန်ကောက်ခံမှုစနစ်သစ်သည် ဗဟိုအစိုးရအခွန်စည်းကြပ်ရေးအဖွဲ့ (Federal Board of Revenue - FBR) အတွက် လုပ်ငန်းရှင်များ၏ စာရင်းများကို စစ်ဆေးရန် တံခါးဖွင့်ပေးမည်ဖြစ်ပြီး ဆန်တင်ပို့သူများ၏ အကျင့်ပျက်ခြစားမှုနှင့် နှောင့်ယှက်မှုများကို ဖြစ်ပေါ်စေနိုင်သည်ဟု ၎င်းက ပြောဆိုသည်။

    အစိုးရ၏ ထုတ်ပြန်ချက်များနှင့် လုပ်ဆောင်ချက်များသည် သိသာစွာ ဆန့်ကျင်ကွဲလွဲနေ ကြောင်း၊ တစ်ချိန်တည်းတွင် ၎င်းတို့သည် ပို့ကုန်ကို မြှင့်တင်လိုသော်လည်း တစ်ဖက်၌ ကြီးလေး သည့် အခွန်များဖြင့် ဆန်တင်ပို့မှုကဏ္ဍကို ဝန်ထုပ်ဝန်ပိုးဖြစ်စေကြောင်း၊ ကုန်သည်တစ်ဦး၏ ပို့ကုန်တန်ဖိုးသည် ပါကစ္စတန်ရူပီးငွေ ၄  ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၄.၄ သန်း) ကျော်လွန်ခဲ့ပါက အစိုးရသည် အခွန်စနစ်သစ်ဖြင့် စည်းကြပ်မှုအပြင် ၁၀ ရာခိုင်နှုန်း ထပ်မံ၍ အခွန်စည်းကြပ်ခြင်း ပြုလုပ်မည်ဖြစ်ကြောင်း Kewlani ကပြောကြားခဲ့သည်။

Source: SS Rice News, 22 July 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)