Main menu

ဆန်တန်ချိန် ၃၂၀၀၀၀ တင်သွင်းရန် အင်ဒိုနီးရှား တင်ဒါခေါ်ယူ

Powered by Drupal

      အင်ဒိုနီးရှားနိုင်ငံပိုင် ဝယ်ယူရေးအေဂျင်စီတစ်ခုဖြစ်သော Bulog သည် ဆန်မက်ထရစ် တန်ချိန် ၃၂၀၀၀၀ ခန့်ကို ဝယ်ယူရန် နိုင်ငံတကာ တင်ဒါတစ်ရပ်ကို ‌ခေါ်ယူခဲ့ကြောင်း ဥရောပ ကုန်သည်များက ၂၂-၇-၂၀၂၄ ရက်၊ တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

      အဆိုပါတင်ဒါတွင် စျေးနှုန်းကမ်းလှမ်းမှုများတင်သွင်းရန် နောက်ဆုံးရက်မှာ ဇူလိုင်လ ၃၁ ရက် ဖြစ်ပြီး Bulog သည် ရက်ပေါင်းများစွာ ကြာမြင့်နိုင်သည့် စျေးနှုန်းညှိနှိုင်းမှုများ စတင်လိမ့်မည် ဖြစ်ကြောင်း ကုန်သည်များက ပြောဆိုကြသည်။

     ပြည်တွင်းမှ ရိတ်သိမ်းထွက်ရှိမှုသည် လုံလောက်မှုမရှိပါက  ယခုနှစ်တွင် ဆန်တန်ချိန် ၄ ဒသမ ၃ သန်းအထိ တင်သွင်းရနိုင်ကြောင်း အင်ဒိုနီးရှားနိုင်ငံ အမျိုးသားစားနပ်ရိက္ခာအေဂျင်စီ၏ အတွင်းရေးမှူးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ဇန်နဝါရီမှ မေလအတွင်း ဆန်တန်ချိန် ၂ ဒသမ ၂၂ သန်း တင်သွင်းခဲ့သည့် အင်ဒိုနီးရှားသည် ယခုနှစ်တွင် ဆန်တန်ချိန် ၃ ဒသမ ၆ သန်း တင်သွင်းရန် စီစဉ်ထားသည်။

      အင်ဒိုနီးရှား၏ ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအတွင်း ဆန်အထွက်ပမာဏသည် ၂၀၂၃ ခုနှစ် အလားတူကာလထက် ၉.၅၂% လျော့နည်းမည်ဟု အင်ဒိုနီးရှား စာရင်းအင်းအေဂျင်စီက ခန့်မှန်းထားသည်။ အင်ဒိုနီးရှား နိုင်ငံ၏ လူဦးရေ သန်း ၂၇၀ အတွက် ဆန်သည် အဓိကဖြစ်ပြီး ယခုနှစ် အစောပိုင်းကထက် ဇွန်လတွင် ပြည်တွင်းဆန်ဈေးနှုန်းသည် ၁၂% နီးပါး မြင့်မားခဲ့ပြီး ဆိုးရွားသော ရာသီဥတုကြောင့် သီးနှံများ အထွက်နှုန်း လျော့နည်းလာခဲ့သည်။

     ယခု နိုင်ငံတကာတင်ဒါအသစ်တွင် Bulog သည် လွန်ခဲ့သော ခြောက်လထက် ကြာမြင့်မှုမရှိပဲ ကြိတ်ခွဲထားသည့် ၂၀၂၄ သီးနှံရာသီမှ ထွက်ရှိသော ဆန်ကွဲ ၅% ပါဝင်သည့် ဆန်ဖြူများကို ရယူမည်ဖြစ်ကြောင်း၊ ပင်ရင်းဒေသနိုင်ငံများအဖြစ် ဗီယက်နမ်၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယားနှင့် ပါကစ္စတန်တို့မှ ဆန်များကို တင်သွင်းနိုင်ပြီး ၂၀၂၄ ခုနှစ် သြဂုတ်လမှ စက်တင်ဘာလအတွင်း  အင်ဒိုနီးရှားနိုင်ငံ ဆိပ်ကမ်းသို့ ရောက်ရှိရမည်ဖြစ်ကြောင်း ကုန်သည်များက ပြောဆိုသည်။

     ပြည်တွင်းသီးနှံများ အထွက်ကျဆင်းခဲ့ပြီးနောက် ဈေးနှုန်းသက်သာစေရန်အတွက် ယခုနှစ် ပထမနှစ်ဝက်တွင် အင်ဒိုနီးရှားအစိုးရသည် နိုင်ငံတကာမှ ဆန်ဝယ်ယူမှုများအား ဆက်တိုက် ပြုလုပ်လာခြင်းဖြစ်သည်။ မေလ ၂၂ ရက်နေ့၌ နောက်ဆုံးအကြိမ် နိုင်ငံတကာတင်ဒါ ခေါ်ယူခဲ့ရာတွင် Bulog သည် အဓိကအားဖြင့် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ပါကစ္စတန်နှင့် မြန်မာနိုင်ငံတို့မှ ဆန်တန်ချိန် ၂၁၀၀၀၀ ခန့်ကို ၀ယ်ယူခဲ့ခြင်းဖြစ်သည်။

Source: Hellenic Shipping News, 23 Jul 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)