Main menu

တောင်ကိုရီးယားမှ ရင်းနှီးမြှုပ်နှံမှုများထပ်မံရောက်ရှိလာရန် Vietnam နိုင်ငံ မျှော်မှန်းထား

Powered by Drupal

        စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနအောက်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအေဂျင်စီ (FIA) ၏အဆိုအရ မကြာမီတွင် တောင်ကိုရီးယားမှ အားကောင်းသည့် ရင်းနှီးမြှုပ်နှံမှုလှိုင်းများဖြစ်ပေါ်လာစေရန် ဗီယက်နမ်နိုင်ငံက မျှော်လင့်ထားကြောင်းသိရသည်။

         အင်္ဂါနေ့က ဟိုချီမင်မြို့၌ကျင်းပခဲ့သော ၂၀၂၄ Vietnam-Korea Plus Partnership Week တွင် FIA ၏ဒါရိုက်တာ Do Nhat Hoang က တောင်ကိုရီးယားနိုင်ငံသည် ဗီယက်နမ် နိုင်ငံတွင် ရင်းနှီးမြှုပ်နှ့သော ထိပ်တန်းနိုင်ငံများအနက် တစ်နိုင်ငံအဖြစ်ပါဝင်ပြီး ဇွန်လအထိ ပရောဂျက်ပေါင်း ၁၀၀၀၀ကျော်တွင် အမေရိကန်ဒေါ်လာ ၈၇.၅ဘီလီယံနီးပါး ရင်းနှီးမြှုပ်နှံထားပြီး ထုတ်လုပ်မှုပမာဏ၏ ၇၅%နီးပါးရှိကြောင်းပြောကြားခဲ့သည်။

      တောင်ကိုရီးယားကုမ္ပဏီများသည် ၎င်းတို့၏ပရောဂျက်များကို အမြန်ဆုံးအကောင်အထည်ဖော်ခြင်း၊ အရည်အသွေးမြင့်နည်းပညာများ၊ ဝန်ထမ်းများအတွက် လူမှုတာဝန်ယူမှုနှင့် ဥပဒေနှင့်အညီ လိုက်နာမှုရှိခြင်းတို့ကြောင့် ကျေးဇူးတင်ရှိကြောင်း Do Nhat Hoang က ပြောကြားခဲ့သည်။

       တရားဝင်ဖွံ့ဖြိုးမှုအကူအညီ(ODA)အရ တောင်ကိုရီးယားသည် ကြီးမားသောပံ့ပိုးကူညီသူဖြစ်ပြီး ဗီယက်နမ်သည် ၎င်း၏ စုစုပေါင်း ODA ၏ ၂၀% ချေးငွေဖြင့် မြို့ပြသယ်ယူ ပို့ဆောင်ရေး၊ အခြေခံအဆောက်အအုံ၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင်၊ သန့်ရှင်းသောစွမ်းအင်နှင့် သတင်းအချက်အလက်နည်းပညာကဏ္ဍတို့တွင် ရန်ပုံငွေပံ့ပိုးပေးလျက်ရှိကြောင်းသိရသည်။

        ဗီယက်နမ်သည် ယခုအခါ အရည်အသွေးထိရောက်မှုနှင့် ရေရှည်တည်တံ့မှုတို့ကို တိုးမြှင့်အာရုံစိုက်ခြင်းဖြင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI)အား ပိုမိုရွေးချယ်လာခဲ့ကြသည်။

        ယခုအခါ ဗီယက်နမ်နိုင်ငံသည် အီလက်ထရောနစ်၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ ပြန်လည်ဖွံ့ဖြိုးမြဲစွမ်းအင်၊ ဒစ်ဂျစ်တယ်အသွင်ပြောင်းမှု၊ နည်းပညာမြင့်စိုက်ပျိုးရေး၊ ဘဏ္ဍာရေးစင်တာများ၊ ဆန်းသစ်တီထွင်မှု၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ရင်းနှီးမြှုပ်နှံမှုများကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။

       အစိုးရဘက်မှလည်း ရင်းနှီးမြှုပ်နှံမည့်သူများ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် မြေယာများကိုပြင်ဆင်ထားပြီး စက်မှုလုပ်ငန်းများကိုမြှင့်တင်ကာ ရင်းနှီးမြှုပ်နှံသူအသစ်များ အားပံ့ပိုးပေးနိုင်ရန် မူဝါဒများချမှတ်ထားသည်။

         နှစ်နိုင်ငံကုန်သွယ်မှုသည် ၁၉၉၂ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း၄၉၀မှ ၂၀၂၃ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၇၉.၄၂ဘီလီယံအထိဖြစ်၍ ၁၆၂ဆအထိတိုးလာခဲ့ကြောင်း ကိုရီးယားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအေဂျင်စီ၏ နိုင်ငံတကာကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဌာနခွဲအကြီးအကဲ Lee Ji Hyung က ပြောကြားခဲ့သည်။

Source : the star

DOCA(ရန်ကုန်)