ကမ္ဘာ့အကြီးဆုံးဒူးရင်းသီးစားသုံးသော တရုတ်နိုင်ငံသည် စိုက်ပျိုးမှုတိုးချဲ့လျက်ရှိနေသော်လည်း အတွင်းကျကျသိသူများက တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့ရန် တောက်ပသည့် မျှော်လင့်ချက်ရှိနေသေးကြောင်း ယုံကြည်နေကြသည်ဟုသိရပါသည်။ တရုတ်နိုင်ငံသည် တစ်နှစ်လျှင် ဒူးရင်းသီးတန်ချိန် ၁.၄သန်းကျော်တင်သွင်းလျက်ရှိပါသည်။ ဗီယက်နမ်တောင်ပိုင်းဒေသရှိ ဗီယက်နမ်ဥယျာဉ်စိုက်ပျိုးရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက တရုတ်နိုင်ငံတွင် ဒူးရင်းသီးစိုက်ပျိုးသည့်ဧရိယာနှင့် ထုတ်လုပ်နိုင်စွမ်းမြင့်တက်လာသော်လည်း ဗီယက်နမ်အပါအဝင် အခြားနိုင်ငံများ၏တင်ပို့မှုများကို များများပြားပြားသက်ရောက်မှုဖြစ်စေသည့်အထိ လုံလောက်စွာကြီးထွားလာမှုမရှိကြောင်းပြောကြားခဲ့ပါသည်။ ထိုင်း၊ မလေးရှားနှင့် ဗီယက်နမ်တို့ထံမှ စုစုပေါင်းတင်ပို့မှုပင်လျှင် တရုတ်နိုင်ငံ၏ နှစ်စဉ်လိုအပ်ချက်ဖြစ်သည့်တန်ချိန် ၁.၅သန်းပြည့်မီရန် လုံလောက်မှုမရှိကြောင်းသိရပါသည်။ ဗီယက်နမ်သစ်သီးနှင့် ဟင်းသီးဟင်းရွက်အသင်း(VINAFRUIT)က ဗီယက်နမ်သည် ဒူးရင်းသီးကို တစ်နှစ်ပတ်လုံး ရိတ်သိမ်းနိုင်ခြင်းသည် တိုင်းပြည်၏စီးပွားရေးအတွက် ယှဉ်ပြိုင်နိုင်စွမ်းအကဲသာမှုဖြစ်စေကြောင်းပြောကြားခဲ့ပါသည်။ အရှေ့တောင်စီရင်စုများပြီးနောက် ဗဟိုကုန်မြင့်ဒေသများသည် ဩဂုတ်လတွင် အဓိကကောက်ရိတ်သိမ်းရာသီဝင်ရောက်လာမည်ဟုသိရပါသည်။ ကုန်သည်များသည် ဒူးရင်းသီးများကိုတင်ပို့ရန်အတွက် စုပြုံဝယ်ယူလာကြသောကြောင့် ယခုနှစ်တွင် ဒူးရင်းသီးဈေးနှုန်းများ (၂)ဆမှ(၃)ဆအထိမြင့်တက်လာနိုင်ကြောင်း VINAFRUIT က ခန့်မှန်းထားပါသည်။ VINAFRUIT ၏ အထွေထွေအတွင်းရေးမှူး Dang Phuc Nguyen က သင့်လျော်သည့်ပထဝီဝင်နေရာရရှိမှုသည် ဗီယက်နမ်နိုင်ငံကို တစ်နှစ်ပတ်လုံး ဒူးရင်းသီးရိတ်သိမ်းနိုင်စွမ်းရှိစေကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံ၏ ပြည်တွင်းစိုက်ပျိုးမှုတိုးတက်လာခြင်းသည် စိတ်ပူစရာအခြေအနေဖြစ်စေကြောင်းနှင့် ကမ္ဘာ့ထိပ်ဆုံးဒူးရင်းသီးထုတ်လုပ်သည့် ထိုင်းနိုင်ငံသည်လည်း တရုတ်ဈေးကွက်တွင် ဗီယက်နမ်မှယှဉ်ပြိုင်မှုဖိအားကိုခံစားနေရသောကြောင့် ဈေးကွက်သစ်များရှာဖွေလျက်ရှိကြောင်းပြောကြားခဲ့ပါသည်။ ထို့ပြင် VINAFRUIT သည် တရုတ်နိုင်ငံသို့ အေးခဲထားသောဒူးရင်းသီးများကို တရားဝင်တင်ပို့ရန် ညှိနှိုင်းချက်သည် အဆင့်တိုးမြှင့်သွားပြီဖြစ်ပြီး မကြာမီ ကြေညာမည်ဟုပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံသည် နှစ်စဉ်အေးခဲထားသောဒူးရင်းသီးကို အမေရိကန်ဒေါ်လာ(၁)ဘီလီယံခန့်တင်သွင်းလျက်ရှိပါသည်။ အကယ်၍ ဗီယက်နမ်သည် တရုတ်နိုင်ငံသို့ အေးခဲဒူးရင်းသီးများကို ရားဝင်လမ်းကြောင်းမှတင်ပို့ခွင့်ရပြီး ဈေးကွက်ဝေစု၏ ၃၀ရာခိုင်နှုန်းခန့်ရရှိပါက အမေရိကန်ဒေါ်လာ (၃၀၀-၅၀၀) ဘီလီယံခန့်ဝင်ငွေရရှိမည်ဟုသိရပါသည်။ ယခုကဲ့သို့ ဒူးရင်းစိုက်ပျိုးမှုမြင့်တက်လာခြင်းသည် ကော်ဖီနှင့်ငရုတ်ကောင်းစေ့ကဲ့သို့သော အခြားစိုက်ပျိုးရေးထွက်ကုန်များဈေးနှုန်းမြင့်တက်မှုကို ဦးတည်စေခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံစိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနလက်အောက်ရှိ ကောက်ပဲသီးနှံထုတ်လုပ်မှုဦးစီးဌာနက လတ်တလောတွင် ဒူးရင်းသီးမှ အကျိုးအမြတ်ရရှိမှုသည် သီးနှံအားလုံးအကြားတွင် အမြင့်ဆုံးဖြစ်နေကြောင်းပြောကြားခဲ့ပါသည်။ ထို့ကြောင့် လယ်သမားများ ဒူးရင်းသီးပြောင်းလဲစိုက်ပျိုးပါက ကော်ဖီနှင့်ငရုတ်ကောင်းစေ့အထွက်နှုန်းလျော့ကျမည်ဖြစ်သောကြောင့် ဈေးနှုန်းများမြင့်တက်လာမည်ဖြစ်ပြီး ကော်ဖီနှင့်ငရုတ်ကောင်းစေ့စိုက်ပျိုးရေးသမားများကို အကျိုးရှိစေကြောင်းသိရှိသည်။
Source: Vietnam Plus
DOCA(ရန်ကုန်)