ယခုနှစ်၏ ပထမနှစ်ဝက်တွင် ဗီယက်နမ်ပုဇွန်တင်ပို့မှု မြင့်တက်လာသော်လည်း ဈေးကွက်သည် ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများ၏ ယှဉ်ပြိုင်မှုကို ရင်ဆိုင်နေရကြောင်း သိရပါသည်။ ဗီယက်နမ် နိုင်ငံ ပင်လယ်စာတင်ပို့သူများနှင့်ထုတ်လုပ်သူများအသင်း(VASEP)၏ အဆိုအရ ယခုနှစ် ပထမ (၆)လတွင် ပုဇွန်တင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံရောက်ရှိခဲ့ပြီး လွန်ခဲ့သည့် နှစ် တူညီသည့်ကာလထက် ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဇွန်လတစ်လတည်းတွင် တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၄၄ သန်းရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ (၆)လတာ ကာလတွင် တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်တို့သည် ဗီယက်နမ်ပုဇွန်တင်ပို့သည့် အကြီးမားဆုံးဈေးကွက်ဖြစ်ပြီး အဆိုပါကာလတွင် တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၂၈ သန်း ရှိခဲ့ကြောင်းနှင့် လွန်ခဲ့သည့်နှစ် တူညီသည့် ကာလထက် ၁၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ကျန်နှစ်ဝက်ကာလတွင် အဆိုပါ ဈေးကွက်သို့ ပုဇွန်တင်ပို့မှုသည် အထူးသဖြင့် black tiger ပုဇွန်နှင့် white leg ပုဇွန် တင်ပို့မှု ဈေးနှုန်းတွင် ဖိအားအောက် ကျရောက် နေ ကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံ၏ အကောက်ခွန်နှုန်းထားမြှင့်တင်မှုကြောင့် တရုတ် နိုင်ငံသို့ ပုဇွန်တင်ပို့မှုမြှင့်တင်ရန် ကြိုးပမ်းလာကြမည့် အီကွေဒေါ၊ အိန္ဒိယနှင့် အင်ဒိုနီးရှားကဲ့သို့သော နိုင်ငံများကြောင့် ဗီယက်နမ်သည် ယှဉ်ပြိုင်မှု နှင့်ရင်ဆိုင်ရနိုင်ကြောင်း သိရပါသည်။ ဗီယက်နမ်ပုဇွန်၏ ဒုတိယအကြီးမားဆုံးဈေးကွက်မှာ အမေရိကန်ဖြစ်ပါသည်။ ယခုနှစ် ပထမနှစ်ဝက်တွင် အမေရိကန်သို့ ဗီယက်နမ်ပုဇွန်တင်ပို့မှု အမေရိကန်ဒေါ်လာ ၃၀၃ သန်းရှိပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၁ ရာခိုင်နှုန်း ကြီးထွားလာကြောင်း သိရပါသည်။ သို့သော် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် သင်္ဘောတင်ပို့မှု ကုန်ကျစရိတ်သည် မေလမှစ၍ ၄၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ အဆိုပါ အမေရိကန် ဈေးကွက်တွင်လည်း ဗီယက်နမ်ပုဇွန်သည် အီကွေဒေါ၊ အင်ဒိုနီးရှားနှင့်အိန္ဒိယတို့၏ ဈေးနှုန်း ယှဉ်ပြိုင်မှုနှင့် ရင်ဆိုင်ရနိုင်ကြောင်း သိရပါသည်။ VASEP က အမေရိကန်မှတင်သွင်းသူများသည် နှစ်ကုန်ပျော်ပွဲရွှင်ပွဲများအတွက် ဝယ်ယူမှုမြင့်တက်လာပါက ယခုနှစ်၏ တတိယသုံးလ ပတ်ကာလတွင် အမေရိကန်၏ ဗီယက်နမ်ပုဇွန်ဝယ်လိုအား အနည်းငယ်မြင့်တက်နိုင်ရန် မျှော်လင့်ရကြောင်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ်သည် ဂျပန်သို့ ပုဇွန်တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၂၉ သန်းနှင့် တောင်ကိုရီးယားသို့တင်ပို့မှု အမေရိကန်ဒေါ်လာ ၁၄၉ သန်းဖြင့် ၃ ရာခိုင်နှုန်းနှင့် ၁၀ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ကြောင်း သိရပါသည်။ ဂျပန်တွင် ဗီယက်နမ်၏ထပ်ပေါင်းတန်ဖိုး ကုန်ပစ္စည်းများတင်ပို့မှုမှာ အိန္ဒိယနှင့်အီကွေဒေါကဲ့သို့သော အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက ပိုမို ယှဉ်ပြိုင်နိုင်စွမ်းအသာရနေကြောင်း သိရပါသည်။ ဥရောပ သမဂ္ဂဈေးကွက်သို့ ပုဇွန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၁၇ သန်းတန်ဖိုးရှိပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၁၃ ရာခိုင်နှုန်း မြင့်တက်ကာ ဒုတိယနှစ်ဝက်တွင်လည်း ဆက်လက်မြင့်တက်ရန် မျှော်လင့်ရသည်ဟု သိရပါသည်။ သို့သော် အခြားနိုင်ငံများနှင့် ဈေးနှုန်း ယှဉ်ပြိုင်ရခြင်းနှင့် ရင်ဆိုင်နေရခြင်းအပြင် ဗီယက်နမ်ပုဇွန် သည် ပုဇွန်မွေးမြူရေးကန်များတွင် ရောဂါဖြစ်ပွားခြင်းနှင့် ပြုပြင်ထုတ်လုပ်ရန် ကုန်ကြမ်းပစ္စည်း မလုံလောက်ခြင်းစသည့် အခြားပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း VASEP က ပြောကြားခဲ့ပါ သည်။ VASEP က ဗီယက်နမ်သည် ၂၀၂၄ ခုနှစ်တွင် ပုဇွန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄ ဘီလီယံ ရရှိနိုင်ကြောင်း ပြောကြားခဲ့ပါသည်။
Source: Vietnam Plus
DOCA(ရန်ကုန်)